တပ်မတော်အစိုးရမှ ရွေးကောက်ပွဲပြန်လည်ကျင်းပလျှင် ရခိုင်မှ ANP နှင့် AFP ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မည်

တပ်မတော်အစိုးရမှ ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဆိုပါက ရခိုင်ပြည်နယ်မှ နိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီတာဝန်ရှိသူများထံမှ သိရသည်။

05 Feb 2021

DMG | ဖေဖော်ဝါရီ ၅

တပ်မတော်အစိုးရမှ ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဆိုပါက ရခိုင်ပြည်နယ်မှ နိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ရွေးကောက်ပွဲကျင်းပလျှင် ပါတီတစ်ရပ်အနေဖြင့် ဝင်ပြိုင်ရမည်ဖြစ်သော်လည်း ဖြစ်လာမယ့်နိုင်ငံရေး အခင်း အကျင်းအပေါ်တွင် မူတည်ကြောင်း ANP ပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

“အခုက တစ်နိုင်ငံလုံးမှာရှိတဲ့ပါတီတွေ အနိုင်ရတာတွေအားလုံးကို သူတို့(တပ်မတော်အစိုးရ)က ဖျက်ပြီးတော့ ရွေးကောက်ပွဲလုပ်မယ်လို့တော့ပြောတယ်။ ပါတီတစ်ရပ်အနေနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ဝင်ပြိုင်ရမှာ ဖြစ်တယ်။ သို့သော် ဒီအချိန်မှာပြောဖို့စောသေးတယ်။ ပါတီမှာတော့ ရွေးကောက်ပွဲလုပ်ရင် ဝင်ပြိုင်ရမှာ ဖြစ်တယ်။ နောက်နိုင်ငံရေးအခင်းအကျင်းက ဘယ်လိုဖြစ်လာမလဲဆိုတာမသိသေးဘူး။ ဆိုတော့ နောက်နိုင်ငံရေးအခင်းအကျင်းအပေါ်မှာ မူတည်ပြီး ပါတီကတစ်ခုခုတော့ ဆုံးဖြတ်ရမှာဖြစ်တယ်” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲယှဉ်ပြိုင်ရခြင်းမှာလည်း ပါတီတစ်ရပ်အနေဖြင့် မိမိဒေသကိုကိုယ်စားပြုပြီး ပြောရေးဆိုခွင့် ရှိအောင်နှင့် အုပ်ချုပ်ရေးပိုင်းအထိ ဝင်ရောက်လာနိုင်အောင်အတွက်ဖြစ်သည်ဟု ဦးဖေသန်းက ဆက်ပြောသည်။

ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ပြည်ထောင်စုအတွင်းမှ သီးခြားဆန်သော ရခိုင်အကျပ်အတည်း ကိစ္စရပ်များအပါအဝင် အခြားသော ရခိုင်အမျိုးသားအကျိုးစီးပွားများအတွက် ရခိုင်အမျိုးသားပါတီ၏ အမျိုးသားရေးကိုယ်စားပြုမှု လုပ်ငန်းစဉ်များကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်နိုင်ရန် လက်ရှိ တပ်မတော်အစိုးရနှင့် လိုအပ်သလို ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်သော ရခိုင်ပြည်သူများသို့ အစီရင်ခံစာတွင်ဖော်ပြထားသည်။

လက်ရှိဖြစ်ပွားနေကြသည့် အကျပ်အတည်းတွင် အငြင်းပွားမှုများစွာရှိသော်လည်း နိုင်ငံတော်ဆိုသည့် အာဏာကို အာဏာသိမ်းစစ်ကောင်စီမှကိုင်တွယ်ပြီး လုပ်ဆောင်နေသည့်အတွက် အရှိကိုအရှိအတိုင်း လက်ခံ ရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ဆိုသည်။

“ရွေးကောက်ပွဲ လုပ်မယ်၊ မလုပ်ဘူးဆိုတာက ဝေးသေးတယ်။ ဒါပေမယ့် အဓိကမြို့နယ်များစွာ ရွေးကောက်ပွဲ မလုပ်ဘဲကျန်ခဲ့တယ်၊ ပြည့်ပြည့်စုံစုံ ဖြစ်သွားဖို့လိုတယ်။ နောက် အငြင်းပွားမှုဖြစ်တာက တစ်ပိုင်း။ မြေပြင်မှာ အမှန်တကယ် သြဇာအာဏာသက်ရောက်နေတဲ့ အစိုးရရဲ့ တစ်လှမ်းချင်းသွားတဲ့ ခြေလှမ်းတွေကို အရှိအတိုင်း လက်ခံပြီးတော့ သုံးသပ်ပြီး လုပ်သွားဖို့လိုတယ်။ အဲဒါဟာ အာဏာသိမ်းတာကို လက်ခံတယ်လို့ဆိုတာ မဟုတ်ဘူး။ မြေပြင်မှာအမှန်တကယ် သြဇာအာဏာသက်ရောက်နေတဲ့ အစိုးရဖြစ်သွားတဲ့အတွက် မလွှဲမရှောင်သာ ပါဝင်ပတ်သက်ရမယ့်အခြေအနေကို ဆိုလိုတာဖြစ်တယ်” ဟု ၎င်းကပြောသည်။

အလားတူ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် ၎င်းတို့၏ မိတ်ဖက်ရခိုင်နိုင်ငံရေးပါတီကြီးများမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင် တပ်မတော်အစိုးရမှကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း ယင်းပါတီပြောခွင့်ရသူ ဦးသန်းဌေးက ဆိုသည်။

“ကျနော်တို့ပါတီက အဓိကရည်ရွယ်ချက်က ကိုယ်စားပြုပါဝင်ခြင်းဆိုတဲ့ ကိစ္စရယ်၊ နောက်ကိုယ့်လူမျိုးစုတွေရဲ့ ရပ်တည်ရေးတွေကို အဓိကရည်ရွယ်ပြီးဖွဲ့ထားတာဖြစ်တယ်။ ဆိုတော့ ဒီနိုင်ငံရေးအခင်းအကျင်းပေါ်မှာ ပြည်ထောင်စုအဆင့်အနေနဲ့စဉ်းစားရင် ကျနော်တို့လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ပြည်နယ်ရေးရာနဲ့ ပတ်သက်လို့ တခြားမိတ်ဖက်ပါတီတွေက လက်ခံတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ လက်မခံဘူးလို့ ပြောလို့မရဘူး၊ လက်ခံရမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)အနေဖြင့် ယင်းသို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးနှင့်ပတ်သက်ပြီး လက်ရှိအခြေအနေတွင် ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကြေညာချက်အမှတ်(၁/၂၀၂၁)တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေးရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ် (၉)ခုတွင် မြို့လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ဘဲ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ် (၄)ခုတို့တွင်လည်း တစိတ်တပိုင်းသာ ကျင်းပနိုင်ခဲ့သည်။

ဗီဒီယိုများ