ပါတီဝင်များအနေဖြင့် မိမိဆန္ဒအရ ပါတီမှနုတ်ထွက်မည်ဆိုပါက နုတ်ထွက်နိုင်ကြောင်း ANP ပါတီတာဝန်ရှိသူပြော

ရခိုင်အမျိုးသားပါတီ(ANP)မှ ပါတီဝင်များမှာ မိမိဆန္ဒအလျောက် ပါတီမှနုတ်ထွက်မည်ဆိုပါက နုတ်ထွက်နိုင်ကြောင်း ပါတီ၏ တာဝန်ရှိသူကပြောသည်။

09 Mar 2022

DMG ၊ မတ်လ ၉

ရခိုင်အမျိုးသားပါတီ(ANP)မှ ပါတီဝင်များမှာ မိမိဆန္ဒအလျောက် ပါတီမှနုတ်ထွက်မည်ဆိုပါက နုတ်ထွက်နိုင်ကြောင်း ပါတီ၏ တာဝန်ရှိသူကပြောသည်။

မတ်လ ၈ ရက်နေ့ ပါတီအစည်းအဝေးဆုံးဖြတ်အရ ထို့သို့နုတ်ထွက်ခွင့်ရှိပြီး မိမိနှစ်သက်ရာအဖွဲ့အစည်းသို့ အချိန်မရွေးပူးပေါင်းနိုင်ကြောင်း ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက DMG သို့ ပြောသည်။

“အစည်းအဝေးမှာတော့ ဆုံးဖြတ်ချက်သုံးခုချမှတ်နိုင်ခဲ့တယ်။ ရခိုင်အမျိုးသားပါတီ(ANP)ပါတီဝင်တွေက လက်ရှိအခြေအနေမှာ မိမိဆန္ဒအလျောက် ပါတီဝင်အဖြစ်မှနုတ်ထွက်ခွင့်ရှိသလို မိမိကြိုက်နှစ်သက်ရာအဖွဲ့အစည်း (သို့မဟုတ်) ပါတီသို့ အချိန်မရွေး ပူးပေါင်းဝင်ရောက်ခွင့်ရှိတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသားပါတီဝင်များအနေဖြင့် အခြားအဖွဲ့အစည်းများနှင့် တာဝန်ထမ်းဆောင်နေသူများမှာ (ANP)ပါတီနှင့် သက်ဆိုင်မှုတစ်စုံတစ်ရာမရှိကြောင်း ဦးသာထွန်းလှကဆက်ပြောသည်။

“ပါတီမှ နုတ်ထွက်သွားသူတွေနဲ့ ပါတီမှာတာဝန်ထမ်းဆောင်မှုမရှိတော့ဘဲ အခြားအဖွဲ့အစည်းရဲ့ တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ပါတီဝင်တွေကို ရခိုင်အမျိုးသားပါတီနဲ့ တစ်စုံတစ်ရာ သက်ဆိုင်မှုမရှိတော့ဘူးလို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်”ဟု ဦးသာထွန်းလှကပြောသည်။

ယင်းအပြင် ၂၀၁၉ ခုနှစ်ကတည်းက ရွေးချယ်ခဲ့သည့် ပါတီမှ မူဝါဒရေးရာကော်မတီဝင်၊ အလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ပါတီအတွင်း ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် ရှိ၊မရှိကို ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရသည်။

ပါတီဝင်ခေါင်းဆောင်များအနေဖြင့် ပါတီတာဝန်ကို ဆက်လက်ထမ်းဆောင်ဆောင်လိုစိတ် ရှိ၊မရှိကို မတ်လ ၁၅ ရက်နေ့အတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ