ရခိုင်အသင်း(စင်္ကာပူ) အသင်းဝင်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရေး အစိုးရက ကြပ်မတ်ပေးရန် ANP တောင်းဆို

စင်္ကာပူအစိုးရက ပြည်နှင်ဒဏ်ပေး၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ သတင်းမှန်များကို ထုတ်ပြန်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)က ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် သဘောထားကြေငြာချက် ထုတ်ပြန်လိုက်သည်။

18 Jul 2019

စင်္ကာပူက ပြည်နှင်ဒဏ်ပေးခံရ၍ ပြန်လည်ရောက်ရှိလာသူနှစ်ဦး ဇူလိုင်လ ၁၁ ရက်နေ့ညနေပိုင်းက ဖမ်းဆီးခံလိုက်ရသည်။

ဖဒူ ထွန်းအောင် | DMG

ဇူလိုင် ၁၈၊ စစ်တွေ

စင်္ကာပူအစိုးရက ပြည်နှင်ဒဏ်ပေး၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ သတင်းမှန်များကို ထုတ်ပြန်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)က ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် သဘောထားကြေငြာချက် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း၌ သံသယဖြင့် ဖမ်းဆီးခံရသူအချို့ စစ်ဆေးရေးကာလအတွင်း သေဆုံးသွားရမှုများအပြင် လုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲဆိုမခံရသေးခြင်း၊ တရားစွဲဆိုပြီးသော်လည်း တရားရုံးတွင် စတင်စစ်ဆေးသည့်အဆင့်ကို မရောက်ရှိနိုင်သေးခြင်း စသည့် ဒုက္ခများကိုခံစားရင်း ရဲစခန်းအသီးသီးအတွင်း ကြာရှည်စွာ ဖမ်းဆီးချုပ်နှောင်ခံထားရသောသူများ ရှိနေသည်ဟု ANP ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုဖမ်းဆီးခံနေရသော ရခိုင်အသင်း(စင်္ကာပူ)အသင်းဝင်များနှင့် ပတ်သက်၍ ထိုသို့အဖြစ်ဆိုးများ မဖြစ်ရစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဥပဒေနှင့်အညီ စီစစ်ဆောင်ရွက်ပေးရေးကို အစိုးရက အထူးကြပ်မတ်ဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ရေးသားထားသည်။

အလားတူ ကျောက်တော်မြို့နယ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကလည်း ဖမ်းဆီးခံနေရသူ ကိုတင်လှိုင်ဦးနှင့် မအေးမြတ်မွန်တို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို သိရှိခွင့်ရရှိရေး၊ မိသားစုနှင့် တွေ့ခွင့်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို တင်ပြထားသည်။ 

“သူတို့ဟာ ဘယ်နေရာမှာ ရှိနေတယ်။ ဘယ်မှာဖမ်းထားလဲဆိုတာ နိုင်ငံသားတစ်ယောက် အခွင့်အရေးအနေနဲ့လည်း သိသင့်တယ်။ သိလည်းသိရမယ့်ကိစ္စဖြစ်တယ်။ အဲဒီ ထိပ်ပိုင်းတွေက လွယ်ကူတယ်။ သူ့အနေနဲ့ဆိုရင် လှမ်းမေးလို့လည်း လွယ်ကူတယ်။ လောလောဆယ် တည်ငြိမ်အေးချမ်းရေးနဲ့ပတ်သက်လို့ တာဝန်ယူထားရတဲ့ ခေါင်းဆောင်လည်းဖြစ်တယ်။ ဆိုတော့ အဲဒါကြောင့် အကူအညီတောင်းတာပါ” ဟု တင်ပြသူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက DMG ကိုပြောသည်။

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ အောင်မြတ်ကျော် အပါအဝင် ရခိုင်အသင်း(စင်္ကာပူ)မှ ခေါင်းဆောင်(၆)ဦးတို့သည် ဇူလိုင်လ ၉ ရက်နှင့် ၁၀ ရက်နေ့တွင် AA ကို ထောက်ပံ့သည်ဟု သံသယဖြင့် စင်္ကာပူအစိုးရ၏ ဖမ်းဆီးမှုခံခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံလိုက်ရသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် ကိုတင်လှိုင်ဦးနှင့်မအေးမြတ်မွန်တို့သည် နေပြည်တော်အနီးတွင် ဖမ်းဆီးခံလိုက်ရပြီး လက်ရှိအချိန်တွင် ၎င်းတို့၏ သတင်းအချက်အလက်များကို မသိရှိရသေးသဖြင့် မိသားစုဝင်များနှင့် ရခိုင်အသိုင်းအဝိုင်းများက စိုးရိမ်ပူပန်နေကြသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် တခြား ပြည်နှင်ဒဏ်ပေးခံလိုက်ရသည့် ရခိုင်လူငယ်လေးဦးမှာလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံလိုက်ရသည်ဟုဆိုသော်လည်း သူတို့အား မည်သည့်နေရာတွင် ထိန်းသိန်းစစ်ဆေးနေသည်ကို DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဗီဒီယိုများ