သံတွဲတွင် ANP Youth Wing ဖွဲ့စည်းနိုင်ရေးအတွက် အသိပေးစည်းရုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ(ANP) Youth Wing ဖွဲ့စည်းနိုင်ရေးအတွက် အသိပေးစည်းရုံးမှုများ ပြုလုပ်နေကြောင်း ယင်းပါတီမှ သိရသည်။

By မျိုးမြင့်ဇော် 14 Nov 2020

မျိုးမြင့်ဇော် | DMG
နိုဝင်ဘာ ၁၄ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ(ANP) Youth Wing ဖွဲ့စည်းနိုင်ရေးအတွက် အသိပေးစည်းရုံးမှုများ ပြုလုပ်နေကြောင်း ယင်းပါတီမှ သိရသည်။

သံတွဲမြို့နယ်သည် ရခိုင်အမျိုးသားပါတီ (ANP)အားနည်းသော နယ်မြေတစ်ခုဖြစ်၍ ရွေးကောက်ပွဲတိုင်းမှာ ရှုံးနိမ့်နေရကြောင်း၊ တစ်ဖက်တွင်လည်း လူကြီးပိုင်များ၏ လုပ်ဆောင်ခြင်းမှာ အားနည်းသဖြင့် မျိုးဆက်သစ်လူငယ်များ ဦးဆောင်နိုင်ရန်အတွက် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သံတွဲမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။

“လူကြီးပိုင်းတွေနဲ့ နှစ်ကြိမ်တိတိ လုပ်ကြည့်ပြီးပြီ။ ၂၀၁၅ တစ်ကြိမ်၊ အခုတစ်ကြိမ်ပေါ့။ တက်တက်ကြွကြွ လုပ်ဖို့က လူငယ်ပဲရှိတယ်။ မျိုးဆက်သစ်လူငယ်နဲ့ပဲ လုပ်လို့ရမယ်၊ အဲဒါကြောင့် ကျနော်တို့ဖက်က ပုံစံ ပြောင်းမယ်။ မဲရှုံးရတဲ့ခံစားချက်နဲ့ လူငယ်တွေ မခံမရပ်နိုင်ဖြစ်နေကြတယ်” ဟု ၎င်းက ဆက်၍ပြောသည်။

ရခိုင်အမျိုးသားပါတီ၌ Youth Wing ကို ၂၀၁၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ သံတွဲမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ဖွဲ့စည်းနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

“ကိုဗစ်နဲ့ ကျနော်တို့ Youth Wing ကို မဖွဲ့စည်းနိုင်ခဲ့ဘူး။ အခုတော့ ဖွဲ့နိုင်ဖို့အတွက် လူငယ်တွေကို အသိပေးတဲ့အဆင့်သာ လုပ်နိုင်သေးတယ်” ဟု ရခိုင်အမျိုးသားပါတီ(Youth Wing ) ဗဟိုကော်မတီအဖွဲ့ဝင် ကိုဇော်မှိုင်းက ရှင်းပြသည်။

လူငယ်ပိုင်းများပါဝင်ကာ ဦးဆောင်လုပ်ဆောင်မှုများ အားနည်းသဖြင့် ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှု များစွာရှိကြောင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၁)တွင် ဝင်ရောက်ယှဉ်ပြိုင်၍ ရှုံးနိမ့်ခဲ့သော ရခိုင်အမျိုးသားပါတီ(ANP)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ညိုက မှတ်ချက်ပြုသည်။

အဆိုပါမြို့နယ်၌ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်သုံးရပ်လုံးမှာ အနိုင်ရရှိခဲ့ကြသည်။

ဗီဒီယိုများ