ANP အောင်နိုင်ရေး အင်အားပြ ဇက်ရေယာဉ် ဂွမြို့တွင် ကမ်းကပ်ခွင့်မရ

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရခိုင်အမျိုးသာပါတီ (ANP) အောင်နိုင်ရေး အင်အားပြ ဇက်ရေယာဉ်သည် ဂွ မြို့နယ်တွင် ကမ်းကပ်ခွင့်မရကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

By မျိုးမြင့်ဇော် 26 Oct 2020

မျိုးမြင့်ဇော်၊ DMG
အောက်တိုဘာ ၂၆၊ သံတွဲ

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရခိုင်အမျိုးသာပါတီ (ANP) အောင်နိုင်ရေး အင်အားပြ ဇက်ရေယာဉ်သည် ဂွ မြို့နယ်တွင် ကမ်းကပ်ခွင့်မရကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ပါတီဗဟိုအောင်နိုင်ရေးကော်မတီမှ ဦးဆောင်ကာ အောက်တိုဘာ ၂၄ ရက်က စစ်တွေမြို့မှ စတင်ထွက်ခွာသွားရာ  အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီအချိန်၌ ဂွမြို့ကိုရောက်ရှိခြင်းဖြစ်သည်။

ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယင်း ဇက်ရေယာဉ်ကို လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါကြောင့် ကမ်းကပ်ခွင့်မပြုခြင်းဖြစ်ကြောင်း သိရသည်။

“စစ်တွေဆိုတာလည်း ကိုဗစ်ရောဂါတွေဖြစ်နေတဲ့ ဒေသဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ထိတွေမှု မရှိအောင်ဆိုပြီး ကမ်းနဲ့ ၆ ပေလောက်ကွာတဲ့နေရာမှာလောလောဆယ် ဆိုက်ထားတယ်” ဟု ဂွမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ(ANP) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်း ဦးတင်ညို က ပြောသည်။

ထိုသို့ ကမ်းကပ်ခွင့်မရသည့်အတွက် ညနေပိုင်းအချိန်၌ ဂွမြို့ဆိပ်ကမ်း နှင့် ပေ ၁၀၀၀ ကျော်ခန့် ကွာဝေးသော ဂွလှေကူးတို့ဆိပ်တွင် ရပ်နားကာ ဇက်ရေယာဉ်ပေါ်မှ နေ၍ ဖျော်ဖြေပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်၍ ဆိုသည်။

ယင်းဇက်ရေယာဉ်သည် ဂွမြို့မှနေ၍ သံတွဲ၊တောင်ကုတ် နှင့် စသည်မြို့နယ်များသို့သွားရောက်မည်ဖြစ်ကြောင်း ANP ပါတီမှသိရသည်။

ယခုရက်ပိုင်းအတွင်းက သံတွဲ၊တောင်ကုတ် စသည်မြို့နယ်များတွင် လူဦးရေ ထောင်ချီကာ ရခိုင်အမျိုးသားပါတီ (ANP) အောင်နိုင်ရေး အင်အားပြသခြင်းတို့ပြုလုပ်ခဲ့ကြသည်။

ဗီဒီယိုများ