ကာချုပ်နှင့်တွေ့ခဲ့သည့် ဝန်ကြီးဦးဇော်အေးမောင်ကို အရေးယူရန်မရှိဟု ANP ကပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ဝန်ကြီးဦးဇော်အေးမောင်အား တွေ့ဆုံဆွေးနွေးခဲ့သည့်ကိစ္စများကို ပါတီသို့စာတင်ပြရန် ညွှန်ကြားထားပြီး အရေးယူရန်မရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP)အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက DMG သို့ ယနေ့ပြောသည်။

04 Mar 2020

ဖဖော်ဝါရီလ ၁၃ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဝန်ကြီးဦးဇော်အေးမောင်တို့တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ခင်သရဖီဦး | DMG
မတ် ၄ ၊ စစ်တွေ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ဝန်ကြီးဦးဇော်အေးမောင်အား တွေ့ဆုံဆွေးနွေးခဲ့သည့်ကိစ္စများကို ပါတီသို့စာတင်ပြရန် ညွှန်ကြားထားပြီး အရေးယူရန်မရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP)အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက DMG သို့ ယနေ့ပြောသည်။

ANP ပါတီဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်သည် ပါတီကို ခွင့်ပြုချက်မတင်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သဖြင့် ပါတီတွင်း စုံစမ်းစစ်ဆေး ခံခဲ့ရသည်။

ဦးဇော်အေးမောင်သည် စစ်တွေ ရပ်မိ၊ရပ်ဖများ၏ အကူအညီတောင်းခံလာသောကြောင့် ဆရာတော် ဥူးစန္ဒြမဏိ ကြေးရုပ်တုတည်ထားရန်ကိစ္စကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ပါတီဝင်များကို ဖုန်းဖြင့်ပြောကြား ထားသည်။

သို့ရာတွင် တချို့ပါတီဝင်များမှာ သံသယဖြစ်နေကြသောကြောင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ထံ စာဖြင့်တင်ပြရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

“ကျနော်တို့မှာ အဲဒီစာကို ပါတီက CEC ကို ချပြလိုက်မယ်။ အဲဒါကို အရေးယူမယ်လို့ မပြောပါဘူး။ ကျနော်တို့တောင်းထားတဲ့စာကို ၁၅ရက်အတွင်း ပေးရမယ်လို့ပြောတာပါ။ အဲဒီစာကို ရတဲ့အခါမှာ ပါတီကနေ ဆုံးဖြတ်သွားမယ်လို့ပြောတာ။ အရေးယူဖို့တော့မရှိပါဘူး ”ဟု ၎င်းကဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဝန်ကြီးဦးဇော်အေးမောင် ဦးဆောင်သော စစ်တွေမြို့မှ ရပ်မိ/ရပ်ဖများနှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ကမ္ဘာ့သာသနာပြုဆရာတော်ကြီး ဥူးစန္ဒြမဏိ၏ ကြေးရုပ်တုတည်ထားရန် တပ်မတော်၏လှူဒါန်းမြေတွင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အခြားသော သာသနိက အဆောက်အဦများ ဆောက်လုပ်လှူဒါန်းမှုပြုလုပ်လျက်ရှိသည့် အခြေအနေများ ဆွေးနွေးခဲ့သည်။

ယင်းအပြင် စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသတည်ငြိမ်အေးချမ်းမှု ရှိရန်လိုအပ်သည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ