ရခိုင်အမျိုးသားပါတီမှ ပါတီဝင် ၆ ဦးအထိ ဖမ်းဆီးတရားစွဲဆိုခံထားရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းမှ ရခိုင်အမျိုးသားပါတီ(ANP)၏ ပါတီဝင်များကို ဖမ်းဆီးခြင်း၊ တရား စွဲဆိုခြင်းများသည် မေလနှင့် ဇွန်လအတွင်းတွင် ပါတီဝင် ၆ ဦးအထိ ရှိနေပြီဖြစ်သည်။

By မင်းထွန်း 11 Jun 2020

ဆားပြင် ကျေးရွာ(ANP)ပါတီဥက္ကဋ္ဌ ဦးပြုံးချိုပါ ၅ ဦးအား ရုံးထုတ်လာစဉ်။

မင်းထွန်း | DMG
ဇွန် ၁၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းမှ ရခိုင်အမျိုးသားပါတီ(ANP)၏ ပါတီဝင်များကို ဖမ်းဆီးခြင်း၊ တရား စွဲဆိုခြင်းများသည် မေလနှင့် ဇွန်လအတွင်းတွင် ပါတီဝင် ၆ ဦးအထိ ရှိနေပြီဖြစ်သည်။

ဖမ်းဆီးခံနေရသည့်(ANP)ပါတီဝင်များမှာ တောင်ကုတ်မြို့(ANP)ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း၊ ဆားပြင် ကျေးရွာ(ANP)ပါတီဥက္ကဋ္ဌ ဦးပြုံးချိုနှင့် ပါတီဝင်ဦးသန်းနိုင်၊ ချက်ဖောက်ကျေးရွာမှ (ANP)ကျေးရွာရုံး တွဲဖက် အတွင်းရေးမှူး ဦးကျော်တင်အောင်နှင့် ပါတီဝင်မောင်မိုးအပြင် မအီမြို့မှ(ANP)ပါတီဥက္ကဋ္ဌ ဦးမျိုးလွင်တို့ ဖြစ်ကြောင်း တောင်ကုတ်မြို့နယ်(ANP)ရုံးမှ သိရသည်။

ယင်းသို့ ပါတီဝင်များကို ဖမ်းဆီးနေခြင်းသည် အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေသည့် သဘောမျိုးဟု ရခိုင်အမျိုးသားပါတီ(ANP)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

“နိုင်ငံရေး၊ လူမှုရေးနဲ့ ကိုယ့်ရပ်ရေးရွာရေးတွေမှာ ထက်ထက်မြက်မြက် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်တဲ့ လူတွေကို ခေါင်းစဉ်တစ်ခုတပ်ပြီးတော့ ဖမ်းဆီးအရေးယူတဲ့ အနေအထားတွေက ပါတီကို လူထုတွေနဲ့ကင်းကွာ သွားအောင်၊ အကြောက်တရားတွေ လွှမ်းမိုးသွားအောင် လုပ်နေတဲ့သဘောမျိုးပဲလေ”ဟု ၎င်းကဆိုသည်။

ထိုသို့ ဖမ်းဆီးခံထားရသူများထဲမှ ဦးပြုံးချိုသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တရား ရင်ဆိုင်နေရပြီး ဦးဝေသောင်းမှာ အကြမ်းဖက်မှုဥပဒေ ၅၀(က)ဖြင့် အမှုဖွင့်ခံရပြီး လက်ရှိတွင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များလည်း မသိရှိရပေ။

“ကျနော်လည်း ပါတီဝင်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လူတွေကို ဘယ်လိုအခြေအနေမှာ လာပြီးတော့ ဖမ်းဆီးလာမလဲဆိုတာကို ကျနော်တို့က စိုးရိမ်တာပေါ့နော်။ ဒီလိုမဖြစ်ဖို့အတွက်ကို တရားမျှတမှု ရှိဖို့လိုတယ်။ ကျနော်တို့ပါတီဝင်တွေအပေါ်မှာ သံသယမရှိဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်” ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ရခိုင်အမျိုးသားပါတီဝင် ၆ ဦးတို့သည် ၎င်းတို့နေအိမ်၌ရှိနေစဉ် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကာ အမှုဖွင့်မခံရသေးသည့် ပါတီဝင် ၄ ဦးကိုလည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း မိသားစုဝင်များကပြောဆိုသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော်တွင် ၂၂ နေရာ အနိုင် ရရှိခဲ့ကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ၃၂ နေရာ အနိုင်ရရှိထားသည့် အင်အားကြီးပါတီ တစ်ခုဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မေလအတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသူ (၁၃)ဦး ရှိခဲ့ပြီး တရားစွဲမခံရသေးဘဲ ဖမ်းဆီးခံထားရသူမှာ (၆၅)ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)က ဇွန်လ ၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ