ရွေးကောက်ပွဲဝင်ပြိုင်မည့် ANP ပါတီဝင် (၄) ဦးကို ပါတီမှ ထုတ်ပယ်

လာမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သည့် ပါတီဝင်လေးဦးကို ရခိုင်အမျိုးသားပါတီ(ANP)မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

By မင်းထွန်း 04 Sep 2020

မင်းထွန်း | DMG
စက်တင်ဘာ ၄ ၊ စစ်တွေ

လာမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သည့် ပါတီဝင်လေးဦးကို ရခိုင်အမျိုးသားပါတီ(ANP)မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ထုတ်ပယ်ခံရသည့် ANP ပါတီဝင်များမှာ မောင်တောမြို့နယ်မှ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ဒုဥက္ကဋ္ဌ ဦးမောင်အုန်း၊ မြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင် ဦးကျော်ကျော်ဝင်းနှင့် ဘူးသီးတောင်မြို့နယ် ANP ပါတီအတွင်းရေးမှူး ဦးမောင်ကျော်ဇံ တို့ ဖြစ်ကြသည်။

ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရသူများသည် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးခံရန် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တွင် လျှောက်ထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ၎င်းပုဂ္ဂိုလ်များသည် ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ရေးမူ အပိုဒ် (၆) နှင့် (၇) ကို ချိုးဖောက်ကျူးလွန်ခြင်းကြောင့် ပါတီမှ ထုတ်ပယ်လိုက်ခြင်းဟု ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ထားသည်။

ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန် က “၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ သက်ဆိုင်တဲ့ စည်းမျဉ် း၊စည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် ထုတ်ပယ်၊ အပြစ်ပေးလိုက်တာဖြစ်တယ်။ ပါတီက ရွေးချယ်မခံရင် တခြားပါတီကူးပြောင်းတာတွေ၊ တသီးပုဂ္ဂလတက်တာတွေ မလုပ်ရလို့ စည်းကမ်းတွေ၊ ကတိကဝတ်တွေ ရှိပြီးသားဖြစ်တယ်။ အဲဒီကတိကဝတ်တွေကို မလိုက်နာတဲ့အတွက်၊ ချိုးဖောက်တဲ့အတွက် ထုတ်ပယ်လိုက်တာဖြစ်တယ်” ဟု ပြောသည်။

သို့သော် ထုတ်ပယ်ခံရသူများက ပါတီဗဟို ဦးဆောင်ကော်မတီဝင်များမှာ ပါတီမှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိသည့်အတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးချယ်ခံရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

“ကျနော်တို့က ပါတီစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာမဟုတ်ဘူး။ ပါတီဗဟိုဦးဆောင်ကော်မတီက သူတို့ချမှတ်ထားတဲ့စည်းကမ်းကို သူတို့မလိုက်နာလို့ ချိုးဖောက်ရတာဖြစ်တယ်” ဟု ပါတီမှ ထုတ်ပယ်ခံရသည့် ဦးမောင်ကျော်ဇံက ပြောသည်။

ယင်းအပြင် ပါတီဗဟိုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းများသည် မြို့နယ်စီစစ်ရေးကော်မတီ၏ အမှတ်ပေးစည်းမျဉ်းစည်းကမ်းစနစ်နှင့် မကိုက်ညီသလို ရည်ရွယ်ချက်ရှိရှိ အာဏာရှင်ဆန်ဆန်ဖြင့် ရွေးချယ်မှုများရှိနေသည်ဟု ဦးခင်မောင်သန်းက ဆိုသည်။

“သူတို့ရဲ့လုပ်ဆောင်ချက်တွေ မှားတဲ့အတွက် သူတို့နောက်ကလိုက်ချင်တဲ့ စိတ်ဆန္ဒလည်းမရှိတော့ဘူး။ ပါတီနဲ့ ပါတီခေါင်းဆောင်တွေအပေါ်မှာ သံသယအများကြီးဝင်သွားတဲ့အတွက် ဒီလိုအဖြစ်မျိုးတွေကို နောက်ထပ် အဖြစ်မခံလိုတဲ့အတွက် ဒီလိုတသီးပုဂ္ဂလအဖြစ် အရွေးခံရတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ဦးခင်မောင်သန်းသည် ANP ပါတီမှ ထုတ်ပယ်ခြင်းမခံရမီအချိန်က မောင်တောမြို့နယ် ANP ပါတီဥက္ကဋ္ဌအဖြစ်၊ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။
တစ်ဖက်တွင် ရခိုင်အမျိုးသားပါတီမှ နှုတ်ထွက်ခွင့်တင်ထားသည့် ပါတီဝင်များလည်း ရှိနေသည်။

ထိုသို့ နှုတ်ထွက်စာတင်ထားသူများမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးဝေစိန်အောင်၊ ဦးခင်မောင်လတ်၊ ဒေါ်ထုမေ၊ ဦးကျော်ကျော် အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှွေ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဇောဦးနှင့် ဦးကျော်လွင် တို့ဖြစ်ကြသည်။

ဗီဒီယိုများ