ရခိုင်တွင် အရပ်သားထိခိုက်နစ်နာမှုများကို ANP စုံစမ်းမှုများဆက်လုပ်မည်

“ဒီလို အစီအရင်ခံစာထုတ်တဲ့အတွက် ပြည်သူတွေကို တစ်ဖက်က ကာကွယ်နိုင်တယ်။ လက်ရဲဇက်ရဲမလုပ်ဝံ့အောင် တစ်ဖက်က တားဆီးနိုင်တယ်။ နိုင်ငံတကာကလည်း ကျနော်တို့ ပြည်တွင်းမှာဖြစ်နေတဲ့ အကျပ်အတည်း ၊အခြေအနေတွေကို သိနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ အစီအရင်ခံစာထုတ်မှာ”

08 Oct 2019

ဖဒူ ထွန်းအောင်| DMG

အောက်တိုဘာ ၇၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့်ပစ်ခတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ သေဆုံး၊ ထိခိုက်နစ်နာမှုများ ကို စုံစမ်းမှုများပြုလုပ်၍ အစီအရင်ခံစာ ဆက်လက်ထုတ်ပြန်မည်ဟု ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက DMG ကိုပြောသည်။

ANP ဗဟိုဌာနချုပ်ရုံးတွင် အောက်တိုဘာလ (၅) ရက်နေ့မှ အောက်တိုဘာလ (၈) ရက်နေ့အထိ ကျင်းပနေ သည့် ပါတီအစည်းအဝေးတွင် အစီအရင်ခံစာ ဆက်လက်ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ဒီလို အစီအရင်ခံစာထုတ်တဲ့အတွက် ပြည်သူတွေကို တစ်ဖက်က ကာကွယ်နိုင်တယ်။ လက်ရဲဇက်ရဲမလုပ်ဝံ့အောင် တစ်ဖက်က တားဆီးနိုင်တယ်။ နိုင်ငံတကာကလည်း ကျနော်တို့ ပြည်တွင်းမှာဖြစ်နေတဲ့ အကျပ်အတည်း ၊အခြေအနေတွေကို သိနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ အစီအရင်ခံစာထုတ်မှာ”ဟု ဦးဖေသန်းက ပြောသည်။

ရခိုင်အမျိုးသားပါတီသည် လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး စုံစမ်းရေးကော်မရှင ်ဖွဲ့စည်းကာ လေ့လာစုံစမ်းမှုများပြုလုပ်ပြီး တွေ့ရှိချက်များကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို မေလအတွင်းက ပေးပို့ခဲ့သည်။

“(အဲဒီပေးပို့လိုက်တဲ့စာနဲ့ပတ်သက်ပြီး)ဘာမှ တုန့်ပြန်တာမရှိဘူး။ ဒါပေမယ့် ပါတီကတော့ ပါတီရဲ့တာဝန် အတိုင်း ပြည်သူကိုချပြတယ်။ နိုင်ငံတကာကို ချပြတယ်။ အဲဒီအပေါ်မှာ သူတို့က တုန့်ပြန်ချက်မရှိတာဟာ မှန်ကန်တဲ့အတွက်လို့ ကျနော်တို့ဘက်က ယူဆတယ်”ဟု ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများနှင့်ပစ်ခတ်မှုများကြောင့် အရပ်သားများ မကြာခဏသေဆုံး၊ ဒဏ်ရာရရှိမှုများရှိနေ သည်။ သြဂုတ်လ ၂၄ ရက်နေ့က မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် လက်နက်ကြီးထိမှန်မှုကြောင့်  ကျောင်းသား၊ကျောင်းသူ (၃)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိသွားသည်။

ရွာထဲတွင်တပ်စွဲထားသည့် တပ်မတော် ပစ်ခတ်လိုက်မှုကြောင့် ယင်းသို့ သေဆုံး၊ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်ဟု မိသားစုဝင်များနှင့် ဒေသခံများက ပြောဆိုသော်လည်း တပ်မတော်ဘက်က ငြင်းဆိုခဲ့သည်။

ယင်းကဲ့သို့ အငြင်းပွားဖွယ်ရာ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကာ လွှတ်တော်ကိုယ် စားလှယ်များ၊ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ ပါဝင်သည့် လေ့လာစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး လေ့လာစုံစမ်းမှုများ ပြုလုပ်ရန် အဆိုကိုလည်း စက်တင်ဘာလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့သည်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲအကျိုးဆက်ကြောင့် သေဆုံးသူ (၈၀)ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၂၀)ဦးခန့် ရှိနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။

ဗီဒီယိုများ