စစ်တွေမြို့တွင် ရေမြောင်းပိတ်ဆို့မှုများရှိနေသည့်အတွက် ရပ်ကွက်တချို့ မကြာခဏ ရေမြုပ်မှုခံနေရ

ရခိုင်ပြည် စစ်တွေမြို့တွင် ရေမြောင်းများ ပိတ်ဆို့နေခြင်း၊ ရေစီးရေ မကောင်းသည့်အတွက်  ရွေပြားရပ်ကွက်၊ မင်းဂံရပ်ကွက်၊ ဆင်ကူးလမ်းရပ်ကွက်၊ လမ်းမတောင်ရပ်ကွက် စသည့်ရပ်ကွက်များတွင် မိုးရွာသွန်းသည်နှင့် ရေမြုပ်မူများ မကြာခဏဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

15 Jun 2022

မင်းဂံ အကွက်(၄) တွင် ရေမြောင်းမရှိသည့်အတွက် လမ်းများ ရေနစ်မြုပ်နေပုံ။ (ဓါတ်ပုံ - CJ)

DMG ၊ ဇွန် ၁၅

ရခိုင်ပြည် စစ်တွေမြို့တွင် ရေမြောင်းများ ပိတ်ဆို့နေခြင်း၊ ရေစီးရေ မကောင်းသည့်အတွက်  ရွေပြားရပ်ကွက်၊ မင်းဂံရပ်ကွက်၊ ဆင်ကူးလမ်းရပ်ကွက်၊ လမ်းမတောင်ရပ်ကွက် စသည့်ရပ်ကွက်များတွင် မိုးရွာသွန်းသည်နှင့် ရေမြုပ်မူများ မကြာခဏဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်(၅)ရပ်ကွက်မှ ဒေသခံတစ်ဦးဖြစ်သူ မဖြူပြာချေက “ ရေမြောင်းမရှိတော့ ရေစီးရေလာ မဖြစ်ဘူး။ မိုးရွာရင် ရေတွေပြည့်လျှံပါတယ်။ မိုးတအားရွာရင် ရေတက်တာက ဒူးလောက်ကို ရောက်တယ်။ ဒါတွေကို လုပ်ပေးရင်တော့ ကောင်းတာပေါ့။ အဓိကရေမြောင်းတူး ပေးစေချင်တယ် ” ဟု ၎င်းက ဆိုသည်။

ထိုသို့ စစ်တွေရပ်ကွက်အချို့တွင် မကြာခဏ ရေနစ်မြုပ်မှုဖြစ်ပွားနေရခြင်းမှာ စစ်တွေမြို့တွင် အကောင်အထည်ဖော်နေသည့် ကုလားတန်စီမံကိန်း၊ ကိုးရီးယာဆိပ်ကမ်းစီမံကိန်းများကြောင့် ချောင်းရေစီး ကြောင်းများ ပိတ်သွားရခြင်းဟု ဒေသခံများက ပြောဆိုနေကြသည်။

 “ ပထမတချက်က ကုလားတန်စီမံကိန်းကြောင့် ရေမြောင်းတွေပိတ်တယ်။ ရေစီးဆင်းမူ ချောင်းပေါက်တွေငယ် သွားတယ်။ နောက်ပြီးတော့ ကိုးရီးယားဆိပ်ကမ်းစီမံကိန်းကြောင့် ရေစီးကြောင်းတွေပိတ်သွားတယ်။ အဓိက ဒီဟာတွေကို လုပ်ပေးဖို့အတွက် အစိုးရမှ တာဝန်ရှိတယ်။ အစိုးရဖက်က လုပ်ဆောင်မူ အားနည်း ချက်တွေရှိတယ် ” ဟု စစ်တွေဒေသခံ ဦးခိုင်ကောင်စံ က ပြောသည်။

ထိုသို့ စစ်တွေမြို့တွင် ရေမြောင်းမရှိခြင်းများ၊ ရှိသည့်ရေမြောင်းမှာလည်း အမှိုက်သရိုက်များနှင့် ပိတ်ဆို့သည့်အတွက် မြို့တွင်းရေနစ်မြုပ်မှုတို့မှာ နှစ်စဉ်ဖြစ်ပေါ်နေရခြင်းဖြစ်ကာ သက်ဆိုင်ရာ အစိုးရအာ ဏာပိုင်များကလည်း အဆိုပါ ကိစ္စကို စိတ်ဝင်စားမှုမရှိသည့် ယခုကဲ့သို့ ဖြစ်နေရခြင်းဟု မြို့ခံများက ပြောသည်။

စစ်တွေမြို့ ရပ်မိရပ်ဖ တဦးဖြစ်သူ ဦးမောင်သာစိန်က “ ကျွန်တော် ကလေးဘဝတုန်းကဆိုရင် စစ်တွေမှာ ရေထွက်ပေါက်တွေရှိတယ်။ အခုက ရေထွက်ပေါက်တွေအကုန်လုံးပိတ် သွားပြီ။ မြို့လယ်ချောင်းကလည်း အခုတိမ်သွားပြီ။ ဒီပြသာနာကို ဖြေရှင်းနိုင်မယ်ဆိုရင် အဓိကတော့ စည်ပင်မှာတာဝန်ရှိတယ်၊ သူတို့မှာလည်း ငွေမရှိတော့မလုပ်နိုင်ဘူး။ တက်လာ တဲ့အစိုးရမှာလည်း ဒီဟာတွေကို စိတ်ဝင်စားလူနည်းတယ် ”  ဟု ဝေဖန်သည်။

အဆိုပါ ရေမြောင်းများ ပိတ်ဆို့နေမှု ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးအား DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အား မေးမြန်းရန်ပြောကြားသည်။

ယင်းကြောင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စိုးကို တာဝန်ရှိသူ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ထိုသို့ စစ်တွေမြို့ရှိ တချို့နေရာများတွင် ရေမြောင်းမရှိခြင်း၊ ရေမြောင်းပိတ်ဆို့မှုများ ရှိနေမှု၏ အကျိုးဆက် ကြောင့် မိုးရာသီရောက်လာသည်နှင့် အဓိကလူသွားလူလာများသော အချို့သောလမ်းမပေါ်တွင် အပါက်အပြဲ များ၊ ချောက်ခွက်များဖြင့် ရေဝပ်နေမှုများဖြင့် ဆိုးရွားစွာ ပျက်စီးမှုများရှိနေခြင်းလည်းဖြစ်ပေါ်နေ သည်။

ဗီဒီယိုများ