ကျောက်တော်ရဲစခန်းမှ ရဲအုပ်တစ်ဦးဓားထိုးခံရ၍ သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးမှာ ယနေ့ (ဇွန်လ ၁၃ ရက်) နေ့လယ် ၃ နာရီခွဲခန့်တွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 13 Jun 2020

နှင်းနွယ် | DMG
ဇွန် ၁၃ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးမှာ ယနေ့ (ဇွန်လ ၁၃ ရက်) နေ့လယ် ၃ နာရီခွဲခန့်တွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသူမှာ ရဲအုပ်အောင်မင်းဇော်ဖြစ်ပြီး ယခင်က ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းတွင် စခန်းမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ရဲအုပ်အောင်မင်းဇော်မှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်တွင် ဆိုင်ကယ်ဖြင့်သွားနေစဉ် အမည်မသိလူနှစ်ဦးက ဆိုင်ကယ်စီးလာပြီး ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။

“အဲဒီ့အချိန်က လူတွေကလည်း ဆိုင်ကယ်ကိုယ်စီနဲ့ သွားနေကြတဲ့အချိန်ဆိုတော့ လူတွေတအားရှုပ်နေတာ။ အဲဒီရဲအုပ်ကလည်း ဆိုင်ကယ်နဲ့သွားနေတဲ့အချိန်မှာ လူနှစ်ယောက်ကလာပြီးတော့ ဓားနဲ့ထိုးသတ်သွားတာ” ဟု ၎င်းကပြောသည်။

ရဲအုပ်အောင်မင်းဇော်မှာ ဓားဒဏ်ရာခြောက်ချက်ဖြင့် အခင်းဖြစ်သည့်နေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်း၏အလောင်းအား ရဲတပ်ဖွဲ့ဝင်များက ယူဆောင်သွားခဲ့ကြောင်းလည်း အဆိုပါဒေသခံက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက အဆိုပါဖြစ်စဉ်အား ကြားသိရသော်လည်း အသေးစိတ် မသိရှိသေးကြောင်း ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် ကျောက်တော်မြို့မရဲစခန်းမှ စခန်းမှူးအား DMG ကဆက်သွယ်ခဲ့ရာတွင် တစ်စုံတစ်ရာဖြေကြားခြင်းမရှိခဲ့ဘဲ တပ်မတော်၏ထုတ်ပြန်ချက်ကို စောင့်ဆိုင်းရန်သာ ပြောဆိုခဲ့သည်။

အဆိုပါ ရဲအုပ်အသတ်ခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ည ၇ နာရီခွဲ အချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

ကျောက်တော်မြို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့ရဲစခန်းမှ ရဲမှူးစောသန်းလွင်မှာ ဓားထိုးခံရခြင်းကြောင့် သေဆုံးသွားခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကျောက်တော် ရဲစခန်းမှ ရဲတပ်ကြီးတစ်ဦးဖြစ်သည့် ဦးမောင်လှမှာလည်း ဓားထိုးခံရမှုကြောင့် သေဆုံးသွားခဲ့သည်။

ဗီဒီယိုများ