ရမ်းဗြဲ-ကျောက်ဖြူကားလမ်းအနီးတွင် ရေတိုက်စားမှုကြောင့် လမ်းဘောင်ပြိုကျမှုများဖြစ်ပေါ်နေ

ရခိုင်ပြည်နယ် ရမ်းဗြဲ-ကျောက်ဖြူကားလမ်းအနီးရှိ အင်းကွင်းချောင်းရေတိုက်စားမှုကြောင့် လမ်းဘောင် ပေအရှည် ၃၀၀ ခန့် ပြိုကျမှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

By အောင်ကောင်းဇော် 05 Aug 2020

ဓါတ်ပုံ - Ko Tun Naing

အောင်ကောင်းဇော် | DMG
သြဂုတ် ၅ ၊ ရမ်းဗြဲ

ရခိုင်ပြည်နယ် ရမ်းဗြဲ-ကျောက်ဖြူကားလမ်းအနီးရှိ အင်းကွင်းချောင်းရေတိုက်စားမှုကြောင့် လမ်းဘောင် ပေအရှည် ၃၀၀ ခန့် ပြိုကျမှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ရမ်းဗြဲမြို့၊ ရမ္မာဝတီအဝေးပြေးကားဝင်း အနီးမှစတင်ကာ ကျောက်ဖြူမြို့ဘက်သို့ သွားရောက်သည့် လမ်းတစ်လျှောက်တွင် ပြိုကျနေခြင်းဖြစ်ကြောင်းနှင့် ခိုင်မာသည့် ကမ်းထိမ်းနံရံတည်ဆောက် ပေးစေလိုကြောင်း ရမ်းဗြဲဒေသခံ ကိုထွန်းနိုင်က ဆိုသည်။

အဆိုပါကားလမ်းဘေးတစ်လျှောက်တွင် သက်ဆိုင်ရာမှ ကမ်းထိမ်းနံရံများ ဆောင်ရွက်ပေးထားသော်လည်း နှစ်စဉ်ပြိုကျမှုများရှိနေကြောင်း ၎င်းကဆိုသည်။

“ဒီကမ်းထိန်းကို အစိုးရအနေနဲ့ နှစ်စဉ် တစ်မိုးမှာ ၂ ခါလောက် ပြင်နေရတယ်။ အခုပြိုနေတဲ့ နေရာဆိုရင်လဲ ဟိုတစ်နေ့ကမှ လုပ်လို့ပြီးခါစပဲရှိသေးတယ် အခု ထပ်ပြိုနေပြီ။ ဒါကြောင့် ဒါကို အစိုးရအနေနဲ့ ကွန်ကရစ်နဲ့ လုပ်တဲ့ ကမ်းထိမ်းနံရံလေး လုပ်ပေးသင့်တယ်” ဟု ကိုထွန်းနိုင်က ဆိုသည်။

လက်ရှိတွင် ပြိုကျမှုများမှာ ကားလမ်းနှင့်အလွန်နီးကပ်နေပြီဖြစ်သဖြင့် ခရီးသွားကားများအတွက် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း ၎င်းကဆိုသည်။

“ဒီအတိုင်း ဆက်ပြိုနေမယ်ဆိုရင်တော့ ကားတွေအတွက် စိုးရိမ်စရာပေါ့။ လမ်းကကွက်တိဖြစ်နေပြီ၊ နည်းနည်း အရှိန်လွန်သွားတယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်တယ်။ အခုလောလောဆယ်တော့ ဒီအတိုင်းပဲသွားနေကြတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သွားလာရေး မပြတ်တောက်စေရန်အတွက် ကမ်းပါးပြိုနေသည့်နေရာများကို ယာယီထိမ်းသိမ်း မှုများလုပ်ဆောင်နေပြီး အခိုင်အမာပြုလုပ်ရန်အတွက် လာမည့် ၂၀၂၀-၂၀၂၁ ဘက်ဂျက်တွင် တင်ပြတောင်းခံ သွားရန်စီစဉ်ထားကြောင်း ရမ်းဗြဲမြို့နယ် လမ်းတံတားဦးစီးဌာန တာဝန်ခံ ဦးငြိမ်းချမ်းကဆိုသည်။

ဗီဒီယိုများ