စစ်ဘေးရှောင်စခန်းများတွင် ဆောင်းသီးနှံစိုက်ပျိုးလိုလျှင် ရခိုင်မျိုးစောင့်အဖွဲ့ (ARG) မှ အခမဲ့ထွန်ယက်ပေးမည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ရှိသော စစ်ဘေးရှောင်စခန်းများတွင် ဆောင်းသီးနှံပင်များ စိုက်ပျိုးလိုပါက ရခိုင်မျိုးစောင့်အဖွဲ့ (ARG) မှ အခမဲ့ထွန်ယက်သွားမည်ဖြစ်ကြောင်း သိရသည်။

By ဉာဏ်ဟိန်း 23 Nov 2020

Photo - facebook/Ba Aye

ဉာဏ်ဟိန်း | DMG
နိုဝင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ရှိသော စစ်ဘေးရှောင်စခန်းများတွင် ဆောင်းသီးနှံပင်များ စိုက်ပျိုးလိုပါက ရခိုင်မျိုးစောင့်အဖွဲ့ (ARG) မှ အခမဲ့ထွန်ယက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ဖက်ကတော့ သူတို့(စစ်ဘေးရှောင်)ပြောလာရင် လုပ်ဖို့အတွက် အဆင်သင့်ရှိတယ်။ ဒါပေမယ့် အခုချိန်ထိတော့ အကူညီတောင်လာတဲ့သူတွေ မရှိသေးဘူး” ဟု ရခိုင်မျိုးစောင့်အဖွဲ့(ARG)မှ ထွန်ယက်ပေးမှုလုပ်ငန်း တာဝန်ခံ ဦးစောလွင် က DMG သို့ပြောသည်။

ရခိုင်ပြည်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကာ ဘေးလွတ်ရာတွင် ခိုလှုံနေထိုင်လျှက်ရှိကြသူတို့မှာ မည်သည့်အချိန်ကျမှ မိမိတို့နေ့ရပ်သို့ ပြန်ကြနိုင်မည်ကို မသိရသေးသောကြောင့် ယခုလို တစ်ထောင့်တစ်နေရာက ဝင်ရောက်ကာကူညီပေးရန် လုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်၍ ရှင်းပြသည်။

ထို့ပြင် အခြားမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများကလည်း အကူအညီတောင်းလာလျှင် လုပ်ဆောင်သွားရန် ဆောင်ရွက်နေကြောင်း ရခိုင်မျိုးစောင့်အဖွဲ့မှ သိရသည်။

စစ်တွေမြို့ပေါ်ရှိ သောဘိတာရာမဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးသုကဏ္ဍ ကတော့ စစ်ဘေးရှောင်များအတွက် သီးနှံစိုက်ပျိုးရန် အခမဲ့ထွန်ယက်ပေးသည်သာမက မြေကွက်တို့ပါ သက်ဆိုင်ရာက ကူညီဆောင်ရွက်ပေးသင့်ကြောင်း မိန့်ကြားသည်။

လက်ရှိအချိန်၌ စစ်တွေမြို့နယ်ရှိ အလိုတော်ပြည့်ဘုန်းတောင်ကြီးမှ စစ်ဘေးရှောင်စခန်းတွင် ဆောင်သီးနှံပင်များစိုက်ပျိုးရန် မြေကွက်ရရှိနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးထံသို့ အကူအညီတောင်းရန် လုပ်ဆောင်နေကြောင်း ယင်းစခန်းတာဝန်ခံ ကိုထွန်းအောင်ကျော်ထံမှ သိရသည်။

“ဒီလိုအခမဲ့ထွန်ယက်ပေးမယ်လို့ကြားတော့ ဆရာတော်နဲ့တိုင်ပင်ပြီးတော့ စည်ပင်ကနေ မြေကွက်အကူညီတောင်းဖို့ စီစဉ်နေတယ်။ အခုက ကျွန်တော်တို့ စခန်းမှာ စစ်ဘေးရှောင်တွေ များလာတယ်။ စစ်ဘေးရှောင်တွေအတွက် တစ်ရက်ကို ဟင်း ၃ သောင်းကျော်ဖို့လောက် ဝယ်ရတယ်”ဟု ၎င်းက ပြောသည်။

အလိုတော်ပြည့်ကျောင်း စစ်ဘေးရှောင်စခန်းတွင် ကျေးရွာပေါင်း ၂၀ ကျော်မှ ထွက်ပြေးလာသူ စစ်ဘေးရှောင် ဦးရေ စုစုပေါင်း ၅၀၀ ကျော်အထိရှိကြောင်းသိရသည်။

ထိုသို့ စစ်ဘေးရှောင်များအတွက် စိုက်ပျိုးရန် မြေကွက်စီစဉ်ပေးရေးအတွက် တင်ပြင်လာပါကာ မည်သို့ဆောင်ရွက်သွားမည်ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် အား DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးသော မေယုဒေသပရဟိတအဖွဲ့အနေဖြင့် လက်ရှိအချိန်၌ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်စခန်းအချို့၏ အနီးပတ်ဝန်ကျင်ရှိ မြေကွက်များတွင် ဟင်းသီး၊ ဟင်းရွက်ပင်များ စိုက်ပျိုးဆောင်ရွက်ပေးနေကြသည်။

ဗီဒီယိုများ