AA တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုများရှိသည်ဟုဆိုကာ မြေပုံ၊စညှင်းစစ်ဘေးရှောင်စခန်းကို ပြောင်းရွှေ့ရန် တပ်အသိပေး

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းရွာစစ်ဘေးရှောင်စခန်းသို့ AA က ရွာသားအသွင်ဖြင့် ဝင်၊ထွက်မှုများရှိနေပြီး ဆက်စပ်မှုများရှိနေခြင်းကြောင့် စခန်းတွင်နေထိုင်သူများ အန္တရာယ်ရှိကြောင်းတွေ့ရှိရသဖြင့် တခြားနေရာသို့ ပြောင်းရွှေ့ရန် စစ်ဘေးရှောင်များကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့က အသိပေးခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။

27 Jan 2020

(ဓာတ်ပုံ - အရှင်အာရက္ခ)

ဝင်းညွန့်၊ ခင်သရဖီဦး | DMG
ဇန်နဝါရီ ၂၇၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းရွာစစ်ဘေးရှောင်စခန်းသို့ AA က ရွာသားအသွင်ဖြင့် ဝင်၊ထွက်မှုများရှိနေပြီး ဆက်စပ်မှုများရှိနေခြင်းကြောင့် စခန်းတွင်နေထိုင်သူများ အန္တရာယ်ရှိကြောင်းတွေ့ရှိရသဖြင့် တခြားနေရာသို့ ပြောင်းရွှေ့ရန် စစ်ဘေးရှောင်များကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့က အသိပေးခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။

ထို့ပြင် ယင်းစစ်ဘေးရှောင်စခန်းနေရာတစ်ဝိုက်၌ တပ်မတော်နှင့်AA ကြား မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မြေပြင်သတင်းများရရှိမှုအရ AA က ခိုအောင်းအခြေပြုနေသည့် စခန်းနေရာနှင့် နီးကပ်စွာတည်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စစ်ဘေးရှောင်များ အန္တရာယ်ကင်းရှင်းစေရန်အတွက် ဘေးကင်းရာနေရာသို့ ပြောင်ရွှေ့ပေးနိုင်ရေး ပြည်နယ်အစိုးရသို့ အကြောင်းကြားထားပြီး သင့်တော်သည့်နေရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် သွားရောက် ရှင်းလင်းပြောကြားခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။

ယနေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်က တပ်မ ၆၆ စစ်ကြောင်းမှ တပ်မတော်သားတချို့ စညှင်းစစ်ဘေးရှောင်စခန်းသည် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့်နေရာနှင့် နီးစပ်သောကြောင့် တခြားနေရာသို့ပြောင်းရွှေ့ရန် ပြောဆိုခဲ့သည်။ ထို့အပြင် စခန်းပြောင်းရွှေ့ရန်အတွက် အထက်မှအမိန့်ကျထားသည်ဟုလည်း ပြောဆိုခဲ့ကြောင်း စခန်းတာဝန်ရှိသူ အရှင်သဘာဝနဒီ က မိန့်ကြားသည်။

“သူတို့က တာဝန်ရှိပုဂ္ဂိုလ်လားတော့မသိဘူး။ ရဲဘော် ၅ယောက် ဝင်လာတယ်။ ဒုက္ခသည်စာရင်းကောက်ချင်လို့ပါ ပြောတယ်။ ဒုက္ခသည်တွေကို ဒီနေရာမှာ နေလိုမသင့်တော်ဘူး။ ဒီနေရာက တိုက်ပွဲဖြစ်ပွားနေတာနဲ့ ငါးမိုင် ၆ မိုင်လောက်ပဲ ဝေးတယ်။ နောက်ပြီး ဒီစခန်းကို ဒီနေရာမှာ မတည်ရှိဖို့အတွက်ကိုလည်း နယ်/လုံဝန်ကြီးဆီကို တင်ပြထားတယ်လို့ပြောတယ်။ ဒီစခန်းကို နေရာပြောင်းရွှေ့ဖို့အတွက်ကိုလည်း အထက်က အမိန့်ကျထာ တယ်လို့ပြောတယ်” ဟု ၎င်းကမိန့်ကြားသည်။

ယင်းစစ်ဘေးရှောင်စခန်းကို လွန်ခဲ့သည့် ၁၀ ရက်ကျော်ခန့်က တည်ဆောက်ခြင်းဖြစ်ပြီး မြေပုံမြို့နယ် အင်ကြင်း၊ ဟင်းခရော်၊ လေသွင်း ကျေးရွာက စစ်ဘေးရှောင်(၃၀၀)ခန့် နေထိုင်ကြသည်။ စစ်ဘေးရှောင်များမှာ ယင်းနေရာမှ ပြောင်းရွှေ့ရန် ဆန္ဒမရှိကြသော်လည်း စစ်ဘေးရှောင်စခန်းနေရာတစ်ခု တောင်းခံထားကြောင်း အရှင်သဘာဝနဒီက မိန့်သည်။

“ဘယ်နေရာကို ပြောင်းရွှေ့မယ်ဆိုတာတော့ မပြောခဲ့ဘူး။ ဦးဇင်းတို့ကလည်း နေရာတောင်းခံထားတယ်။ ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်အရ သူတို့အချိန်မရွေး ကိုယ့်ရွာကိုကြည့်နိုင်တဲ့ နေရာတစ်ခုကို တောင်းဆိုထားတာတော့ရှိတယ်။ ပေးဖို့၊မပေးဆိုတာ မသိဘူး”ဟု ၎င်းကမိန့်သည်။

တပ်မတော်ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)ကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

အဆိုပါစခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု လာရောက်ခဲ့ကာ အဆောင်အချို့နှင့် တာပေါ်လင်စများကို ဖျက်ဆီးခဲ့ပြီး စခန်းကိုဖျက်သိမ်းရန် ဖိအားပေးခဲ့သည်ဟု စခန်းတာဝန်ခံ ဦးဇင်းအာရက္ခက DMG ကို မိန့်ဆိုထားသည်။

သို့သော် ယင်းစစ်ဘေးရှောင်စခန်းကို လုံခြုံရေးအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖျက်ဆီးခဲ့ခြင်းမရှိဟု တပ်မတော်ဘက်က မီဒီယာတစ်ချို့ကိုပြောထားသည်။

ဆက်စပ်သတင်း - မြေပုံမြို့နယ် စညှင်းစစ်ရှောင်စခန်းက အဆောင်အချို့ဖျက်ဆီးခံရ

ဗီဒီယိုများ