မြောက်ဦးမြို့နယ်တွင် သုံးဘီးမောင်းနေသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ယနေ့(စက်တင်ဘာ ၂၇ ရက်)နံနက် ၈ နာရီကျော်ခန့်က သုံးဘီးမောင်းနေသည့် ဒေသခံတစ်ဦး ဖမ်းဆီးခံထားရသည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုဝင်များထံမှ သိရသည်။

By မျိုးသီရိကျော် 27 Sep 2020

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၂၇ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ယနေ့(စက်တင်ဘာ ၂၇ ရက်)နံနက် ၈ နာရီကျော်ခန့်က သုံးဘီးမောင်းနေသည့် ဒေသခံတစ်ဦး ဖမ်းဆီးခံထားရသည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူ ဦးအေးကျော်၊ အသက်(၃၈)မှာ မြောက်ဦးမြို့၊ အောင်တိုက်အုပ်စု၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် လက်ကျိုးနေသည့် အသက် ၈၀ ကျော်အဖွားတစ်ဦးကို ဆေးကုသရန် နထင်(ခမီ)ကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့်လိုက်ပါပို့ဆောင်သည့် တပ်ရင်း(၃၇၇)မှ ဖမ်းဆီးထိန်းသိမ်း ထားလိုက်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“မိသားစုဝင်တွေက အကြောင်းလာတာပါ။ ဦးအေးကျော်မှာ အဲဒီအဖွားကိုလိုက်ပို့ပေးနေတာက ၅ ကြိမ်ရှိပါပြီ။ ဒီနေ့မှာတော့ တပ်ရင်း ၃၇၇ က ဦးအေးကျော်ပါ သူမောင်းတဲ့တုပ်တုပ်သုံးဘီးလေးကို အဲဒီတပ်ရင်းအထဲသို့ ခေါ်ဆောင်သွားတာပါ။ အဲဒီအဘွားကိုတော့ တခြားဆိုင်ကယ်တစ်စီးနဲ့ ပြန်ခိုင်းလိုက်တာပါ” ဟု ဦးထွန်းသာစိန်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များက တပ်ရင်း ၃၇၇ ကို သွားရောက်စုံစမ်းခဲ့ သော်လည်း ၎င်းအား ဖမ်းဆီးထားခြင်းမရှိကြောင်းပြောသဖြင့် ဂိတ်ဝမှပြန်လာခဲ့ရသည်ဟု ဦးအေးကျော်၏ ယောက္ခထီးဖြစ်သူ ဦးမောင်နုကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားသူနှင့်အတူသွားသည့် အဘွားမှာ မိမိနေထိုင်သည့်ရပ်ကွက်ကို ပြန်လည်ရောက်ရှိ လာသော်လည်း ဦးအေးကျော်မှာ လက်ရှိအချိန်ထိပြန်လည်ရောက်လာခြင်းမရှိသည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်နေကြသည်ဟုလည်း ၎င်းကပြောသည်။

“အခုချိန်ထိ မရောက်လာသေးတဲ့အတွက် ကျနော်တု့ိကတော့စိုးရိမ်ပါတယ်။ အပြစ်မရှိပဲ အသတ်ခံရမှာကိုလည်း စိုးရိမ်တယ်။ သူက အိမ်မှာ အဓိကစားဝတ်နေရေးအတွက် လုပ်ကိုင်ပေးနေတာ။ သူ့မိန်းမကလည်း ကလေး ငယ်ငယ်လေးရှိသေးတာကြောင့် အလုပ်မလုပ်နိုင်သေးဘူး။ ကျနော့်သမက်က ရိုးရိုးသားသားလုပ်ကိုင် စားသောက်နေတာပါ။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟု ဦးမောင်နုကပြောသည်။

မြောက်ဦးမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ငါးမြုံးထောင်ရာမှပြန်လာသည့် ဒေသခံ တစ်ဦးအား ငွေတောင်ပေါက်တံတားအနီး စစ်ဆေးရေးဂိတ်မှဖမ်းဆီးထိန်းသိမ်းထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဗီဒီယိုများ