စစ်တွေမြို့ကို စစ်ဘေးရှောင်များ ထပ်မံရောက်ရှိလာ

ယခုရောက်ရှိလာကြသူများမှာ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာမှ  လူဦးရေ ၃၈ ဦးပါဝင်ကာ သြဂုတ်လ ၂၁ ရက်နေ့က ရောက်ရှိလာကြခြင်းဖြစ်ပြီး စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ဗုဒ္ဒေါမော် ကျောင်းတိုက်တွင် ခိုလှုံနေကြသည်။

23 Aug 2019

ကျော်သူဌေး၊ စိုးအောင် /DMG

သြဂုတ် ၂၂၊ စစ်တွေ

တိုက်ပွဲများကြောင့် စစ်တွေမြို့ပေါ်ကို ရသေ့တောင်မြို့နယ်အတွင်းမှ ဒေသခံစစ်ဘေးရှောင်များ ထပ်မံ ရောက်ရှိလာကြသည်။

ယခုရောက်ရှိလာကြသူများမှာ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာမှ  လူဦးရေ ၃၈ ဦးပါဝင်ကာ သြဂုတ်လ ၂၁ ရက်နေ့က ရောက်ရှိလာကြခြင်းဖြစ်ပြီး စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ဗုဒ္ဒေါမော် ကျောင်းတိုက်တွင် ခိုလှုံနေကြသည်။

တိမ်းရှောင်လာကြသူများမှာ ကျေးရွာအနီး လက်နက်ကြီးပစ်ခတ်သံများ ရှိနေသဖြင့် စိုးရိမ်ပြီး ရောက်ရှိလာကြခြင်းဖြစ်ကြောင်း ဒေါ်မယဉ်သိန်းကပြောသည်။

 “စစ်သားတွေက လာတယ်၊ တိုက်ပွဲဖြစ်တယ်။ အဲဒီတော့ပြေးလာတယ် ဘာမှန်းမသိ ပစ်လာတယ်၊ ပစ်လာပြီးတော့ ကျွန်မတို့ကကြောက်တယ် ဒါကြောင့် ပြေးလာတာဖြစ်တယ်” ဟုပြောသည်။

စစ်ဘေးရှောင်များကို စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ထောက်ပံ့ပေးသော စားနပ်ရိက္ခာများဖြင့် ကျွေးမွေးနေရခြင်းဖြစ်ပြီး ရေရှည်အတွက်ဆိုလျင် ထောက်ပံ့မှုများ လိုအပ်လာမည်ဟုလည်း စစ်ရှောင်စခန်းတာဝန်ခံ ဆရာတော်ဇဝနက မိန့်ကြားသည်။

“ကြိုတင်ပြီးတော့ ဘာမှ စီစဉ်ထားတာ မရှိတဲ့အတွက် နီးစပ်တဲ့ရပ်ကွက်တွေကပေါင်းပြီးတော့ ထမင်းထုပ် ဟင်းထုပ်တွေ အိမ်ကရှိတဲ့ စေတနာရှိသလောက်တွေ အကုန်လုံး စုပေါင်းပြီးတော့ ရလာတဲ့ဟင်းထုပ် လေးတွေက ဟင်းဆိုဟင်းတစ်အိုး၊ ငါးဆိုငါးတစ်အိုး ပေါင်းပြီးတော့ သူတို့မှာ ချက်ပြုတ်ပြီးတော့ ဝေစားကြတယ်ပေါ့။ သီးခြားဆန်တို့ဆီတို့သီးခြားပံ့ပိုးတာ မရှိဘူး” ဟု ဆရာတော်က မိန့်သည်။

ရေစိုးချောင်းကျေးရွာတွင် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး နောက်ထပ် ရွာသားများ ထွက်ပြေးလာကြသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်တွေမြို့နယ်၊ အုန်းရည်ဖေါ်ကျေးရွာကို ရသေ့တောင်မြို့နယ်မှ လူပေါင်း ၈၀  ကျော်ခန့် ခိုလှုံရန်ရောက်ရှိလာကြသည်။

စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ချို့တွင် ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှာင် အများဆုံး ရောက်ရှိ ခိုလှုံနေကြရသည်။

ဗီဒီယိုများ