ရခိုင်က အကြမ်းဖက်ဥပဒေနှင့်စွဲဆိုထားသည့် အမှုများကို ဆိုင်းငံ့ထားသည့်အပေါ် ဖမ်းဆီးခံကျောင်းသားလေးဦးက တရားရုံးဝန်းအတွင်း ဆန္ဒဖော်ထုတ်ခဲ့

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၉ တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ကကျောင်းသားလေးဦးက ယနေ့ ဇူလိုင်လ ၁၆ နေ့ရုံးထုတ်ရာ၌ တရားရုံးဝန်းအတွင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

16 Jul 2021

DMG ၊ ဇူလိုင် ၁၆

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၉ တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ကကျောင်းသားလေးဦးက ယနေ့ ဇူလိုင်လ ၁၆ နေ့ရုံးထုတ်ရာ၌ တရားရုံးဝန်းအတွင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဖမ်းဆီးခံကျောင်းသားလေးဦးမှာ ထောင်အချုပ်မှ တရားရုံးသို့ အချုပ်ကားနှင့် ရုံးချိန်းလာရောက်ခြင်းဖြစ်ပြီး ၎င်းတို့ အချုပ်ကားမှဆင်းစဉ် တရားရုံးပရဝုဏ်အတွင်း တရားစီရင်ရေးကြန့်ကြာနေမှုနှင့် အကြမ်းဖက်ဥပဒေနှင့်တရားစွဲဆိုခံထားရသောအမှုများကို ဆိုင်းငံ့ထားခြင်းအား ချက်ချင်းအမိန့်ချပေးရေး၊ အပြစ်မဲ့ပြည်သူများအား ချက်ချင်းလွှတ်ပေးရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

ယင်းသို့ဆန္ဒဖော်ထုတ်ခဲ့သဖြင့် တရားရုံးအနီးတဝိုက်တွင် ရဲကားငါးစီးနှင့် လုံခြုံရေးကို တင်းကျပ်စွာချထားသည်ကို DMG မှ တွေ့မြင်ခဲ့ရသည်။

တရားရုံးအတွင်းမှ ဖမ်းဆီးခံကျောင်းသားလေးဦးကို ဝန်းရံရန် ရောက်ရှိနေသူများကိုလည်း ရဲတပ်ဖွဲ့က တရားရုံးအပြင်ထွက်ရန် ပြောဆိုခဲ့ကြောင်း လာရောက်ဝန်းရံခဲ့သည့် ကျောင်းသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း သံသယဖြင့်ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရသူများထဲမှ လူဦးရေ ၂၀၀ ခန့်မှာ အမှုကြန့်ကြာနေမှုကြောင့် နှစ်လရှည်ကြာစွာထိန်းသိမ်းခံထားရဆဲဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ကျောင်းသားလေးဦးမှာ အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင်လှည့်လည်ကာ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကို တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်မှုကြောင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) မှ ကိုကောင်းထွန်းတို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကျောင်းသားလေးဦးကိုစွဲဆိုထားသည့် အမှုနှစ်ခုလုံး၌ တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးပြီဖြစ်သည့်အတွက် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် အမှုနှစ်ခုစလုံးနှင့်ပတ်သတ်ပြီး လျှောက်လဲချက်ပေးရန်ရှိကြောင်း ပြီးခဲ့သည့်ရုံးချိန်းတွင် ကျောင်းသားလေးဦး၏ရှေ့နေက ပြောကြားထားသည်။

ဗီဒီယိုများ