ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးမှုများကြောင့် ငြိမ်းချမ်းရေးကိုထိခိုက်နိုင်ဟုဆို

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်များကိုဖိတ်ခေါ်ထားသော်လည်း တစ်ဖက်တွင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

12 May 2022

DMG ၊ မေ ၁၂

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်များကိုဖိတ်ခေါ်ထားသော်လည်း တစ်ဖက်တွင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

ထိုသို့ သံသယဖြင့်ဖမ်းဆီးနေခြင်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းကိုထိခိုက်သွားနိုင်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကပြောသည်။

“အထူးသဖြင့် AA နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာဟာ ပြည်သူတွေစိတ်မှာ အနှောက်အယှက်ဖြစ်တယ်။ ကြောက်လန့်မှုတွေဖြစ်ပေါ်တယ်။ ဒီလိုဖမ်းဆီးနေတဲ့အတွက် ငြိမ်းချမ်းရေးခေါ်တဲ့လုပ်ငန်းတွေကို ယုံမှားသံသယတွေ၊ မယုံကြည်မှုတွေဖြစ်ပေါ်လာရင် တန်ဖိုးရှိတဲ့ငြိမ်းချမ်းရေးလုပ်ငန်းကို ထိခိုက်သွားနိုင်တယ်လို့ မြင်တယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်ဧပြီလအတွင်းက ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းရှိ ကျေးရွာအချို့တွင် AA နှင့်ဆက်စပ်မှုရှိသည်ဟု သံသယဖြင့် စစ်ကောင်စီမှ ရခိုင်တိုင်းရင်းသား ၄၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများထဲမှ အမျိုးသမီးများနှင့် လူငယ်စုစုပေါင်း ၁၅ ဦးခန့်မှာ မေလ ၁ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အခြားသောဖမ်းဆီးခံရသူများကို ဟိုင်းကြီးကျွန်းရှိ စစ်ကောင်စီ ရေတပ်စခန်းဌာနချုပ်တွင်ဖမ်းဆီးထားသည်ဟု ဒေသခံများကပြောဆိုကြသည်။ ထိုသို့ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထိုသို့ AA နှင့်ဆက်စပ်သည်ဟုဆိုပြီး သံသယဖြင့်ဖမ်းဆီးနေခြင်းသည် စစ်ကောင်စီအနေဖြင့် ပြည်သူများကို အကြောက်တရားပြန်သွင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု စာရေးဆရာ ဝေဟင်အောင်ကပြောသည်။

“တစ်ချက်က ပြည်သူကို အကြောက်တရားပြန်သွင်းဖို့ကြိုးစားတယ်လို့မြင်တယ်။ နောက် AA ကို ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာဖို့အတွက် ဖိအားပေးတယ်လို့မြင်တယ်။ ပြောချင်တာက AA အနေနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကိုမလာရင် ဒီလူတွေကိုဖမ်းမယ်ဆိုတဲ့ပုံစံမျိုး အဓိပ္ပါယ်သက်ရောက်တယ်။ အဲဒီလိုပုံစံမျိုး လုပ်နေတယ်လို့မြင်တယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ၎င်းကပြောသည်။

AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းထားသော်လည်း AA နှင့်ဆက်စပ်သည်ဟုဆိုပြီး ဖမ်းဆီးတရားစွဲဆိုထားသူအချို့ကို စစ်ကောင်စီမှ ထောင်ဒဏ်များချမှတ်ကာ ဖမ်းဆီးမှုများလည်း ဆက်လက်ရှိနေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “သူတို့လုပ်ရိုးလုပ်စဉ်အရ AA နဲ့ဆက်သွယ်တဲ့လူတွေကို ဖမ်းဆီးမယ်။ ထောင်ချမယ်။ ဒါတွေက ယာယီအခြေအနေမှာလုပ်နေမှာပဲ။ AA နဲ့ စစ်ကောင်စီက သေချာရေရာတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရှိတာမဟုတ်ဘူး။ အဲတော့ အခုငြိမ်းချမ်းရေးက စစ်မတိုက်ကြခင်မှာ ရယူထားတဲ့ ယာယီနားလည်မှုလို့ပဲ သဘောပေါက်တယ်။ အဲတော့ အခုလိုဖမ်းဆီးတာတွေ၊ တရားရုံးတင်တာတွေမကဘူး ပြည်မဘက်မှာ စစ်ကောင်စီအတွက်သာလာတာနဲ့အမျှ ရခိုင်ပြန်ပြီးထိုးစစ်ဆင်မှာဖြစ်တယ်”ဟု သုံးသပ်ပြောဆိုသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ရပ်တန့်ထားသည်မှာ တစ်နှစ်ကျော်အထိရှိလာပြီသည်။ ထိုကာလအတွင်း AA နှင့်ဆက်စပ်ပြီး သံသယဖြင့် ဖမ်းဆီးခြင်းများလည်း မရှိခဲ့ပေ။

ယခုအခါ စစ်ကောင်စီမှ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးမှုများကို ပြန်လည်ပြုလုပ်လာသလို ရခိုင်ပြည်အတွင်းမှ ကျေးရွာအချို့ကိုဝင်ရောက်ပြီး အိမ်ထောင်စုစာရင်းနှင့် ဧည့်စာရင်းများ စစ်ဆေးခြင်း၊ AA နှင့်မပတ်သတ်ရန်ပြောဆိုခြင်း၊ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုတင်းကျပ်ခြင်းတို့ကို လုပ်လာနေသည်ဟု ဒေသခံများကပြောဆိုကြသည်။

ထိုသို့လုပ်ဆောင်လာခြင်းများသည် စစ်ကောင်စီအနေဖြင့် တည်ငြိမ်နေသည့်ရခိုင်ဒေသကို တည်ငြိမ်မှုမရှိအောင် တမင်လုပ်ဆောင်နေခြင်းဟု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဦးထွန်းဝင်းကဆိုသည်။

“တည်ငြိမ်နေတဲ့ကာလမှာ ကျနော်တို့လူ့အဖွဲ့အစည်းဟာ အခြေအနေအမျိုးမျိုးကြားထဲမှာ အတိုင်းအတာ တစ်ခုထိ နလန်ထူနိုင်ဖို့ကြိုးစားလာကြတယ်။ ဒီအချိန်မှာ ဒီလိုအရိပ်အရောင်တွေ၊ အနေအထားတွေ ဖြစ်ပေါ်လာတာက တည်ငြိမ်မှုအခြေအနေကို တမင်များလှုပ်ခတ်လာအောင် ဒါမှမဟုတ် မြန်မာနိုင်ငံအနှံ့မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ထဲကို ဆွဲပြီးခေါ်နေတာများလားလို့ သုံးသပ်မိတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိခဲ့ပေ။

ရခိုင်ပြည်တွင် တိုက်ပွဲပြင်းထန်ခဲ့ချိန်ကာလက AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသူ ၃၀၀ ကျော်နှင့် တရားစွဲဆိုခံခဲ့ရသူ ၂၀၀ ကျော်အထိ ရှိခဲ့သည်။ ထိုသို့ဖမ်းဆီးတရားစွဲခံရသူများထဲမှ လူဦးရေ ၁၀၀ ကျော်မှာ လက်ရှိအချိန်ထိ မလွတ်မြောက်သေးကြောင်း ဖမ်းဆီးခံရသူများ၏ စာရင်းကိုကောက်ယူနေသည့် အဖွဲ့အစည်းများမှ သိရသည်။

ဗီဒီယိုများ