ရမ်းဗြဲနှင့် စနဲမြို့တို့တွင် တပ်မတော်ကဖမ်းဆီထားသူများမှာ AA အဖွဲ့ဝင်များမဟုတ်ဟု မိသားစုဝင်များဆို

ရမ်းဗြဲမြို့နှင့် စနဲမြို့တို့မှ ဖမ်းဆီးရမိထားသူ ၈ ဦးမှာ တပ်မတော်က ထုတ်ပြန်ထားသကဲ့သို့ AA အကြမ်းဖက် သောင်းကျန်းသူများ မဟုတ်ကြောင်း မိသားစုဝင်များက ငြင်းဆိုလိုက်သည်။

By အောင်ကောင်းဇော် 10 Nov 2020

အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၁၀၊ ရမ်းဗြဲ  

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် စနဲမြို့တို့မှ ဖမ်းဆီးခံထားရသူ ၈ ဦးမှာ တပ်မတော်ထုတ်ပြန်ထားသကဲ့သို့ AA အဖွဲ့ဝင်များမဟုတ်ကြောင်း မိသားစုဝင်များက ငြင်းဆိုလိုက်သည်။

ရမ်းဗြဲမြို့နယ်၊ တန်းဇင်းမြစ်အတွင်း တပ်မတော်စစ်ရေယာဉ်အား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့စဉ် ပါဝင် ခဲ့သည့် AA တပ်ဖွဲ့ဝင်များအား ဖမ်းဆီးရမိထားကြောင်းကို နိုဝင်ဘာ ၉ ရက်နေ့က တပ်မတော်သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်မှာ တပ်မတော်အနေဖြင့် စွပ်စွဲပြောဆိုထုတ်ပြန်ခြင်းသာဖြစ်ပြီး AA အဖွဲ့ဝင်များ ဆိုသည်မှာ လုံးဝမဟုတ်ကြောင်း ဖမ်းဆီးခံထားရာတွင်ပါဝင်သည့် ဦးစိုးမောင်၏ သားဖြစ်သူ ကိုနေခင်ထွေးက ပြောသည်။

“ကျနော့်အဖေက AA ဆိုတာလုံးဝမဟုတ်ဘူး၊ ကျနော်တို့မိသားစုက ဂဏန်းထောင်လုပ်ငန်းလုပ်ကိုင်သူတွေပါ။ ပစ်ခတ်မှုမှာ ပါဝင်တယ်ဆိုတာလည်းမဟုတ်ဘူး။ ဒါဟာလုပ်ကြံပြီးပြောတဲ့စကား ထုတ်ပြန်တဲ့စကားတွေသာ ဖြစ်တယ်။ သူတို့မှာ အပြစ်မရှိဘူး ပြန်လွှတ်ပေးစေချင်တယ်” ဟု ၎င်းကပြောသည်။

ယခုလက်ရှိ ရမ်းဗြဲမြို့၊ ကုလားပုန်းကျေးရွာမှ ဖမ်းဆီးထားသူ ၆ ဦးမှာ ဂဏန်းထောင်ခြင်းလုပ်ငန်းကို လုပ်ကိုင် စားသောက်နေသော ဒေသခံလက်လုပ်လက်စားများသာဖြစ်ပြီး တပ်မတော်မှဖမ်းဆီးထားခြင်းအပေါ် အထူး စိုးရိမ်မိကြောင်း ဖမ်းဆီးခံထားရာတွင်ပါဝင်သွားသည့် ဦးထွန်းရင်ဦး၏ တူဖြစ်သူ အောင်ဌေးဝင်းကပြောသည်။

“တပ်မတော်က ဖမ်းသွားတဲ့သူတွေအားလုံးက ဂဏန်းထောင်တဲ့လုပ်ငန်းကို လုပ်ကိုင်စားသောက်နေတဲ့ လက်လုပ်လက်စားတွေပါ။ အခု AA တွေပါဆိုပြီး ထုတ်ပြန်ထားတယ်” ဟု ၎င်းကပြောသည်။

ယခု ဖမ်းဆီးထားသူများကို တပ်မတော်အနေဖြင့် နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

တပ်မတော်၏ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ တန်းဇင်းမြစ်အတွင်း တပ်မတော်စစ်ရေယာဉ် များအား နိုဝင်ဘာ ၂ ရက်တွင် AA က ကုလားပုန်းကျေးရွာ၏အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များ နှောက်ယှက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့စဉ် AA အဖွဲ့ဝင် များက စက်လှေတစ်စီးဖြင့် ပေါက်ပြင်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ ပေါက်ပြင်ကျးရွာဝန်းကျင်တစ်ဝိုက်အား တပ်မတော်မှစစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ တပ်မတော် စစ်ရေယာဉ်အားနှောင့်ယှက်ပစ်ခတ်မှုတွင်ပါဝင်သော AA တပ်ဖွဲ့ဝင်များဖြစ်သည့် ကုလားပုန်းကျေးရွာနေ ညီထွေးနှင့် အောင်ဌေးဝင်းတို့နှစ်ဦးအား နိုဝင်ဘာ ၃ ရက်နေ့က ကုလားပုန်းကျေးရွာ၌ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းနောက် နိုဝင်ဘာ ၄ ရက်တွင် စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်နေ ငြိမ်းတောင်၊ အောင်ထွန်းလင်းနှင့် ထွန်းလှတို့ သုံးဦးအား (ဒေသအခေါ်)ကျွန်းတောင်ပိုက်ဆိပ်နေရာ၌လည်းကောင်း၊ နိုဝင်ဘာ ၇ ရက်တွင် ကုလားပုန်း ကျေးရွာနေ ထွန်းမင်းစိုး၊ ညီညီ(ခ)စွမ်းထက်ပိုင်နှင့် စိုးမောင်တို့သုံးဦးအား ကုလားပုန်းကျေးရွာ၌လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိထားသူများကို ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံ၍ တရားဥပဒေအရ အရေးယူ နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိမှာ တပ်မတော်စစ်ကြောင်းများဝင်ရောက်နေခြင်းကြောင့် ရမ်းသစ်ကြီးကျေးရွာ၊ မြို့ချိန်ကျေးရာွ၊ မော်ရုံ ကျေးရွာနှင့် ငညိုကိန်းကျေးရွာတို့မှ ဒေသခံ ၄၀၀ ကျော်မှာ ရမ်းဗြဲမြို့ပေါ်သို့ ခိုလှုံရန်ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ဗီဒီယိုများ