NUG, PDF တို့ကို အားပေးကူညီမှုဖြင့် သံတွဲက ပန်းချီဆရာမတစ်ဦးကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ကို အားပေးကူညီပေးသည်ဟုဆိုကာ သံတွဲမြို့၊ အမှတ်(၅)ရပ်ကွက်မှ အမျိုးသမီးတစ်ဦးအား ဇူလိုင်လ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

29 Jul 2022

ဖမ်းဆီးခံထားရသည့် မရွှန်းစန္ဒာ(ခေါ်) ဒေးဒေး ပန်းချီဆွဲနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

DMG ၊ ဇူလိုင် ၂၉

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ကို အားပေးကူညီပေးသည်ဟုဆိုကာ သံတွဲမြို့၊ အမှတ်(၅)ရပ်ကွက်မှ အမျိုးသမီးတစ်ဦးအား ဇူလိုင်လ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အမှုဖွင့်ခံရသူမှာ မရွှန်းစန္ဒာ(ခေါ်) ဒေးဒေးဆိုသူဖြစ်ပြီး “Day Day” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးရခြင်းဟု ယနေ့ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ထုတ်ပြန်ထားသည်။

အဆိုပါအမျိုးသမီးကို ၎င်း၏ထမင်းဆိုင်အတွင်းတွင် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယင်းအမျိုးသမီးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့၏ ရန်ပုံငွေရရှိရေး ကံစမ်းမဲအစီအစဉ်ကို “Day Day” Facebook အကောင့်ဖြင့် Share ထားသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့် မိတ်ဆွေတစ်ဦးက DMG သို့ပြောသည်။

“ရဲနဲ့ အုပ်ချုပ်‌ရေးမှူးတွေ ဆိုင်ကိုလာပြီးဖမ်းသွားပါတယ်။ ဘာလို့ဖမ်းလည်းဆိုတော့ Facebook မှာ ကံစမ်းမဲကိစ္စကို share တယ်ဆိုပြီးပေါ့။ screenshot လေးပြပြီး ခေါ်သွားတယ်။ ခေါ်ပြီးတော့ ရဲစခန်းထဲကို တခါတည်းထည့်လိုက်တယ်။ စစ်တာမေးတာတော့မရှိဘူးတဲ့။ မနေ့ညကမှ သူ့ကို ၅၀(ည)နဲ့ စွဲထားမှန်းသိကြတာ“ဟု ၎င်း၏မိတ်ဆွေတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ပိုစ့်တစ်ခုအား share ခြင်းဖြင့် ဖမ်းဆီးခံရမှုမှာ သဘာဝမကျကြောင်း၊ စွဲဆိုထားသည့် ပုဒ်မမှာလည်း ပြင်းထန်နေသည်ဟု ၎င်းကဝေဖန်သည်။

“သူ့မှာရင်ကျပ်တဲ့ ရောဂါတစ်ခုရှိတယ်။ အဲဒါလေးတစ်ခုကို မိသားစုတွေက စိတ်ပူနေကြတယ်။ သူက လှိုင်းပေါ်မှာ နည်းနည်းပါးပါး share တာရှိတယ်။ ကျွန်တော်တို့တော့ ရဲတွေပြတဲ့ဟာကိုမတွေ့မိဘူး။ ဒါပေမဲ့ ရဲတွေက ဘယ်ကနေ screenshot တွေယူလာပြီး ပြလဲတော့မသိဘူး။ share တာလေးတစ်ခုနဲ့ ဖမ်းတာက သဘာဝမကျဘူးပေါ့။ ပြီးရင် အခုစွဲလိုက်တဲ့ပုဒ်မကလည်း တော်တော်ကို ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။ အဓိပ္ပာယ်မရှိဘူးဖြစ်နေတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိတွင် ၎င်းကို သံတွဲမြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီး လာမည့်သြဂုတ်လ ၁ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန် ရုံးချိန်းထားသည်ဟု သိရသည်။

ရခိုင်ပြည်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အကြမ်းမဖက်အာဏာဖီဆန်မှုလှုပ်ရှားမှု(CDM) ပြုလုပ်မှုများမရှိသော်လည်း ရခိုင်ဒေသခံများကို PDF ၊ NUG တို့အား ထောက်ပံ့မှု၊ ဆက်စပ်မှု စသည်ဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများရှိနေသည်။

PDF ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀ ဦးထက်မနည်းရှိသည်။ ယင်းအထဲမှ အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ထားသည်။

ဗီဒီယိုများ