ရခိုင်တွင် အနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ် ဆောက်လုပ်ရန်စီစဉ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ် ဆောက်လုပ်ရန် စီစဉ်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံက သိရသည်။

By ကျော်သူဋ္ဌေး 22 Jan 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် တက္ကသိုလ်ဆောက်လုပ်မည့် မြေနေရာအား ဇန်နဝါရီလ ၂၁ ရက်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ (ဓာတ်ပုံ - Leader)

ကျော်သူဌေး | DMG
ဇန်နဝါရီ ၂၂၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ် ဆောက်လုပ်ရန် စီစဉ်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံက သိရသည်။

ယင်းတက္ကသိုလ်ကို ပြည်ထောင်စုအစိုးရက ဆောက်လုပ်ရန်စီစဉ်နေခြင်းဖြစ်ပြီး စစ်တွေဟိုတယ်အနီးရှိ မြေကွက်ကို လျာထားသည်ဟု ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

 “နေရာတော့ အတိအကျတော့ မရွေးသေးဘူး။ ဒါပေမဲ့ စစ်တွေဟိုတယ် အကျော်နားမှာရှိတဲ့ အဲဒီနေရာတစ်ခုကိုတော့ အကြမ်းအားဖြင့် လျာထားတယ်။ ဘယ်နေ့ဆောက်မလဲဆိုတာတော့ မသိသေးဘူး။ လုပ်ဖို့က စီစဉ်တုန်းပဲ ရှိသေးတယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ တက္ကသိုလ်ဆောက်လုပ်မည့်ကိစ္စကို အကောင်းမြင်သော်လည်း မည်သည့်ရည်မှန်းချက်များဖြင့် ခရီးဆက်မည်ကို စောင့်ကြည့်ရမည်ဟု ရခိုင်အဆိုတော် ခိုင်ကျော်လင်းက ပြောသည်။

“ကျနော်တို့ကတော့ စောင့်ကြည့်ရမှာပေါ့။ ဘယ်လိုလမ်းစဉ်၊ ဘယ်လိုရည်မှန်းချက်တွေနဲ့ ခရီးဆက်ကြမလဲဆိုတာကို စောင့်ကြည့်ရမယ်။ စနစ်တကျလုပ်မယ်ဆိုတော့လည်း ကောင်းတာပေါ့။ ကောင်းတဲ့လက္ခဏာလို့မြင်ပါတယ်” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့တွင် အဆိုပါတက္ကသိုလ် ဆောက်လုပ်ပါက ရခိုင်ပြည်နယ်၏ ပထမဆုံးသော အနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ် ဖြစ်လာမည်။

ဗီဒီယိုများ