မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အား ကျိုင်းတုံတွင်ဆွေးနွေးရန် အစိုးရဖိတ်ခေါ်

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြပြီး အစိုးရက ၎င်းနေရာတွင် ထပ်မံတွေ့ဆုံရန် အဆိုပြုထားခြင်းဖြစ်သည်။

By ခိုင်ရိုးလ 10 Sep 2019

သြဂုတ်လ ၃၁ ရက်နေ့ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲမြင်ကွင်း

ခိုင်ရိုးလ | DMG
စက်တင်ဘာ ၁၀၊ စစ်တွေ

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် TNLA၊ MNDAA၊ KIO၊ AA တို့ကို အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် လာမည့် စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့၌ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားသည်။

မြောက်ပိုင်း ၄ ဖွဲ့တို့အား မြန်မာနိုင်ငံ ငြိမ်းချမ်းရေးခရီးလမ်းတွင် အတူပါဝင်လာနိုင်ရေး အောင်မြင်စွာ တွေ့ဆုံညှိနှိုင်းရန်အတွက် အစိုးရဘက်က ဖိတ်ထားခြင်းလည်းဖြစ်သည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြပြီး အစိုးရက ၎င်းနေရာတွင် ထပ်မံတွေ့ဆုံရန် အဆိုပြုထားခြင်းဖြစ်သည်။

အစိုးရဘက်မှ ဖိတ်ခေါ်ထားမှုအား တက်၊ မတက်ကို မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အစည်းအဝေးဆုံးဖြတ်ပြီးမှ ပြောနိုင်မည်ဖြစ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“အဲဒါကတော့ မြောက်ပိုင်းမဟာမိတ် ညီနောင်တွေ အစည်းဝေးထိုင်ပြီးမှ အတည်ပြုလို့ရမယ်။ လောလောဆယ်တော့ ပြောမရသေးပါဘူး” ဟု ခိုင်သုခက ဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အား ဆွေးနွေးပွဲတက်ရောက်နိုင်ရန် လမ်းခရီးလုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်း အစိုးရဘက်က ပြောဆိုထားသည်။

ဗီဒီယိုများ