အချုပ်သားများ လွတ်လပ်စွားမဲပေးခွင့်ရရှိရေး အကျဉ်းထောင်တာဝန်ရှိသူများကို ညွှန်ကြားထားဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ပြော

အချုပ်သားများ လွတ်လပ်စွာမဲပေးခွင့်ရရှိရေး အကျဉ်းထောင်တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

02 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၂ ၊ စစ်တွေ

အချုပ်သားများ လွတ်လပ်စွာမဲပေးခွင့်ရရှိရေး အကျဉ်းထောင်တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ယခုနှစ် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ အချုပ်သား ၂၈၄ ဦးရှိပြီး ထိုအချုပ်သားများ အနေဖြင့် ခြိမ်းခြောက်မှု၊ သြဇာလွှမ်းမိုးမှုမရှိ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် စီမံခန့်ခွဲရန် အကျဉ်းထောင် တာဝန်ရှိသူများကို ညွှန်ကြားထားခြင်းဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

“အကျဉ်းသားတွေကို မဲရုံပုံစံလေးတွေဖွင့်ပြီးမဲပေးခိုင်းမှာပါ။ လွတ်လွတ်လပ်လပ်နဲ့ မဲပေးရမယ်။ ခြိမ်းခြောက်မှု၊ သြဇာလွှမ်းမိုးမှုမပါဘဲနဲ့ သူတို့စိတ်သဘောထားအတိုင်း စိတ်ကြိုက်ပေးလို့ရအောင် သက်ဆိုင်ရာထောင်မှူး တွေက စီမံခန့်ခွဲပေးရမှာပေါ့။ ဒီစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို သူတို့ကို ညွှန်ကြား ထားပြီးသားပါ” ဟု ၎င်းကဆိုသည်။

ရခိုင်တွင် မဲပေးခွင့်ရှိသည့်အချုပ်သား စစ်တွေတွင် ၆၂ ဦး၊ မြောက်ဦးတွင် ၂၈ ဦး၊ မြေပုံတွင် ၁၄ ဦး၊ ကျောက်ဖြူတွင် ၆၃ ဦး ၊ သံတွဲ ၂၉ ဦးနှင့် မောင်တောတွင် ၁၈ ဦးအပါအဝင် တခြားသောမြို့နယ်များတွင် အနည်းငယ်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဒုတိယအကြိမ်ကောက်ခံထားသည့် မဲဆန္ဒရှင်စာရင်းတွင် ရခိုင်ပြည်နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၁၆၄၇၀၀၀ ကျော်ရှိပြီး မဲရုံစုစုပေါင်း ၂၅၉၆ ရုံဖွင့်လှစ်ရန် စီစဉ်ထားကြောင်းသိရသည်။

ဗီဒီယိုများ