ရခိုင်တွင် အင်တာနက်လိုင်းကို အမည်ခံမဟုတ်ဘဲ အပြည့်အဝပြန်ဖွင့်ပေးရန် အသံအဖွဲ့တောင်းဆို

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများကို အမည်ခံဖွင့်ပေးခြင်းမျိုးမဟုတ်ဘဲ မြန်နှုန်းမြင့် 4G အင်တာနက်လိုင်း အပြည့်အဝပြန်ဖွင့်ပေးရန် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အသံအဖွဲ့က တောင်းဆိုသည်။

By မင်းထွန်း 25 Dec 2020

မင်းထွန်း | DMG
ဒီဇင်ဘာ ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများကို အမည်ခံဖွင့်ပေးခြင်းမျိုးမဟုတ်ဘဲ မြန်နှုန်းမြင့် 4G အင်တာနက်လိုင်း အပြည့်အဝပြန်ဖွင့်ပေးရန် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အသံအဖွဲ့က တောင်းဆိုသည်။

အင်တာနက်ဖြတ်တောက်ထားခြင်းသည် အများပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့်အရာများ အားလုံးနိမ့်ပါးရသလို ဆိုးကျိုးများဖြစ်ရသည့်အတွက် အင်တာနက်ပြန်ဖွင့်ပေးရန် အရေးကြီးကြောင်း အသံဖွဲ့၏ သုတေသနတာဝန်ခံ ကိုရဲဝေဖြိုးအောင်က ပြောသည်။

“အင်တာနက်ဖြတ်တောက်ထားတာကို အမြန်ဆုံးရပ်တန့်ပြီးတော့မှ အင်တာနက်ဖွင့်ပေးဖို့ကို အရမ်းအရေး ကြီးပါတယ်။ ဒါကြောင့်မလို့ ဒီနေ့မှာပဲ အင်တာနက်ဖွင့်ပေးဖို့အတွက် အကြံပြုချင်တယ်၊ တောင်းဆိုချင်ပါတယ်။ အင်တာနက် ပြန်လည်ဖွင့်ပေးတယ်ဆိုတဲ့အခါမှာ လက်ရှိ 2G ဖွင့်ပေးထားသလို နာမည်ခံမဟုတ်ဘဲနဲ့ တကယ့်အင်တာနက်လိုင်း မြန်ဆန်ကောင်းမွန်တဲ့ 4G အင်တာနက် ဖွင့်ပေးဖို့အရေးကြီးတယ်”  ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော ဒေသများနှင့် ပဋိပက္ခမဖြစ်ပွားသော ဒေသများရှိ သတင်းအချက် အလက်ရပိုင်ခွင့်နှင့် ဒီဂျစ်တယ်အခွင့်အရေးတို့အပေါ် လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ရာတွင် ကိုရဲဝေဖြိုးအောင်က ယင်းကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မူလကတည်းက အင်တာနက်မရရှိသေးသည့် မြန်မာနိုင်ငံအတွင်းမှ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းစသည့် ဒေသများတွင်လည်း အင်တာနက်ရရှိအောင် လုပ်ဆောင်ပေးရန်အစိုးရအား တိုက်တွန်းကြောင်း ၎င်းကဆိုသည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်တို့တွင် အင်တာနက်လိုင်း အပြည့်အဝ ပြန်ဖွင့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများက တောင်းဆိုခဲ့ကြသော်လည်း ထူးခြားမှုမရှိဘဲ လက်ရှိတွင် တစ်နှစ်ကျော်ကြာ ရှိလာခဲ့ပြီဖြစ်သည်။

အင်တာနက်ပြန်လည်ဖွင့်ပေးရန် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသည့် ရခိုင်လူငယ် ကိုမင်းဘာချေ (ခ) ကိုသန်းလှက “ဒါက ပြည်ထောင်စုအစိုးရနဲ့ဆိုင်တယ်။ ပြည်ထောင်စုအစိုးရဟာ တိုင်းရင်းသားဒေသတွေကို တန်းတူအခွင့်အရေးကို ပေးဆောင်ဖို့ ပျက်ကွက်တယ်၊ နောက် ပြည်မနဲ့ တိုင်းရင်းသားဒေသတွေကို တန်းတူအခွင့်အရေး မပေးချင်တဲ့အတွက် လုပ်တယ်လို့မြင်တယ်” ဟု သူကဆိုသည်။

အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆိုခြင်းများရှိသော်လည်း လက်ရှိအချိန်ထိ အပြည့်အဝပြန်ဖွင့် မပေးသေးခြင်းသည် ပြည်သူများအပေါ် အစိုးရ၏သဘောထားကို ဖော်ပြနေခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဝေဖန်သည်။

“အင်တာနက်ကို အစိုးရက ဖွင့်မပေးသင့်ဘူးလို့မြင်တယ်ပေါ့လေ၊ လူ့အခွင့်အရေးနဲ့ တန်းတူညီတူ ကျနော်တို့ မရသင့်ဘူးလို့ အဲလိုပဲမြင်လို့ တမင်တကာ၊ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာဖြစ်တယ်။ ဒီအစိုးရဟာ ကျနော်တို့ အပေါ်မှာ ဘယ်လောက်ထိ သဘောထားရှိလဲ၊ ဘယ်လောက်ထိ ဖိနှိပ်ချုပ်ချယ်မှုရှိလဲဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

အင်တာနက်ဖြတ်တောက်ထားခြင်းသည် စစ်ရေးဆိုင်ရာလျို့ဝှက်ချက်များပေါက်ကြားခြင်းကြာင့်ဖြစ်သလို တစ်ဘက်တွင်လည်း အင်တာနက်ကို အသုံးပြုပြီး ဆိုရှယ်မီဒီယာများပေါ်တွင် လူမျိုးရေးဆိုင်ရာ အမုန်းစကားများ ပြန့်ပွားခြင်းများကြောင့်ဖြစ်သည်ဟု တပ်မတော်ဘက်မှ ပြောဆိုထားသည်။

အလားတူ အစိုးရဘက်ကလည်း ရခိုင်တွင် လုံခြုံရေးအခြေအနေများကြောင့် အင်တာနက် ဖြတ်တောက်ပေးရန် တပ်မတော်ဘက်မှ တောင်းဆိုသည့်အတွက် လုပ်ဆောင်ပေးခဲ့ရခြင်းဖြစ်သည်ဟု ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် နှစ်ဘက်အပစ်ရပ်ထားနိုင်မှု အခြေအနေရှိသောကြောင့် အင်တာနက် ပြန်ဖွင့်ပေးသင့်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် (၇) မြို့နယ်နှင့်  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့က  အင်တာနက်ဖြတ်တောက်ထားခဲ့ပြီး မောင်တောမြို့နယ်အား ၂၀၂၀ ခုနှစ်၊ မေလ (၂) ရက်နေ့တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့သည်။

ထို့နောက် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့အား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂)ရက်နေ့တွင် မြန်နှုန်းမြင့် အင်တာနက်လိုင်းမဟုတ်ဘဲ  2G အင်တာနက်လိုင်းသာ ဖွင့်ပေးထားခြင်းဖြစ်သည်။

လက်ရှိ ဖွင့်ပေးထားသည့် 2G အင်တာနက်ဖြင့် အီးမဲလ်(Email)၊ Facebook နှင့် ဝတ်ဆိုက် (Website) များသုံးစွဲမှု အခက်အခဲများရှိပြီး ကိုဗစ်ကပ်ရောဂါကိုအခြေအနေ သတင်းအချက်အလက်များကို မသိရှိရသည့်အတွက် နဂိုမူူူလ အင်တာနက်ဖြတ်တောက်ခဲ့သည့် အခြေအနေနှင့် ထူးမခြားနားရှိနေကြောင်း အရပ်ဖက်အဖွဲ့စည်းများက ပြောဆိုကြသည်။

ဗီဒီယိုများ