အောင်တံခွန်(၇)ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သည့် ကားဒရိုင်ဘာ (၁၆)ဦးကို AA ပြန်လွှတ်ပေး

ရခိုင်ဒေသ၏ တိုက်ပွဲဖြစ်ပွားလျှက်ရှိသောဒေသ၊ ညမထွက်ရအမိန့်ထုတ်ပြန်ထားသော ဒေသများအတွင်း အစုလိုက် ခရီးသွားလာမည်ဆိုပါက AA ထံ သတင်းပေးပို့၍ သွားလာရန် အသိပေးထားသည်ကိုလည်း တွေ့ရသည်။

By နေရောင်မင်း 01 Jan 2020

ဓာတ်ပုံ - ရက္ခိုင့်တပ်တော်(AA)

နေရောင်မင်း | DMG
ဇန်နဝါရီ ၁၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဖမ်းဆီးခဲ့သည့် ကားဒရိုင်ဘာလ (၁၆)ဦးကို ဇန်နဝါရီလ (၁)ရက်နေ့၊ နံနက် (၇)နာရီခွဲအချိန်ခန့်က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

စစ်တွေ-ဘူးသီးတောင်မြို့သို့ပြေးဆွဲနေသော အောင်တံခွန်(၇)ရေယာဉ်ကို ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းအနီးတွင် AA ကတားဆီးကာ အဆိုပါ (၁၆)ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို စစ်ဆေးချက်အရ စစ်ဖက်နှင့် သက်ဆိုင်သူများ၊ မသင်္ကာဖွယ်ရာရှိသူများ မဟုတ်သောကြောင့် ၎င်းတို့အားပြန်လွှတ်ပေးခဲ့ခြင်းဟု AA ထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းတို့အား ဘူးသီးတောင်မြို့နယ်၊ သေကံကျေးရွာ စာသင်ကျောင်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ရပ်ဖများထံတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “လွှတ်ပေးလိုက်တာ မှန်ပါတယ်။ အခုသွားရောက်ခေါ်ဆောင်နေပါတယ်။ သေချာပါတယ်” ဟု ပြောသည်။

အဆိုပါ (၁၆)ဦးမှာ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကားဒရိုင်ဘာများဖြစ်ကြပြီး ပြန်လည်လက်ခံရေးစခန်းများတွင် မော်တော်ကားများကို မောင်းနှင်ရန်အတွက် မောင်တောမြို့သို့ လာရောက်ခြင်းဟု ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်က ပြောဆိုထားသည်။

ရခိုင်ဒေသ၏ တိုက်ပွဲဖြစ်ပွားလျှက်ရှိသောဒေသ၊ ညမထွက်ရအမိန့်ထုတ်ပြန်ထားသောဒေသများအတွင်း အစုလိုက် ခရီးသွားလာမည်ဆိုပါက AA ထံ သတင်းပေးပို့၍ သွားလာရန် အသိပေးထားသည်ကိုလည်း တွေ့ရသည်။

Related Post : အောင်တံခွန် (၇)ရေယာဉ်ပေါ်လိုက်ပါလာသည့် ကားဒရိုင်ဘာ (၁၆)ဦးကို AA ဖမ်းဆီး

ဗီဒီယိုများ