အုပ်ချုပ်ရေးမှူးနှင့်အမျိုးသမီးသေဆုံးမှု စံုံစမ်းစစ်ဆေးပေးရန် လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြား

တပ်မတော်၏ ထုတ်ပြန်ချက်တွင် သေဆုံးသူ အမျိုးသမီးဒေါ်ဖြူဖြူဝင်း အမည်ကို ဖော်ပြထားခြင်း မရှိပေ။ ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင် သေဆုံးသွားသည်ဟုသာ ဖော်ပြထားသည်။ ယင်းနေ့တွင် အုပ်ချုပ်ရေးမှူးနှင့် ဒေါ်ဖြူဖြူဝင်းတို့သာ သေဆုံးသွားခြင်းဟု မိသားစုဝင်များက ပြောသည်။

By ကျော်သူဋ္ဌေး 14 Dec 2019

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၁၄၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦး သေဆုံးမှုကို စုံစမ်းစစ်ဆေးပေးရန် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို မိသားစုဝင်များက တိုင်ကြားထားသည်။

တပ်မတော်သားများသည် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို မေးမြန်းပြီး ကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်လာသည်။ အိမ်သို့ရောက်ရှိစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း(အသက် ၄၂ နှစ်)ကို သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်၌ပင် သေဆုံးသွားသည်။

ထို့အပြင် ကလေး(၃)ဦး၏ မိခင် ဒေါ်ဖြူဖြူဝင်း(အသက် ၃၉ နှစ်)မှာလည်း ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံးသွားသည်ဟု တိုင်ကြားစာတွင် ရေးသားထားသည်။

“သေတဲ့သူကို ပြန်လို့တော့ မရတော့ဘူး။ အစားလျော်ပေးဖို့ တောင်းဆိုချင်တာလည်းမဟုတ်ဘူး။ ကျနော့်အစ်ကိုလို နောက်လူတွေ မဆုံးရှုံးစေချင်ဘူး။ လိုချင်တာက အမှန်တရားတစ်ခု၊ ပြစ်မှုကျူးလွန်သူဆိုလို့ရှိရင် ဥပဒေနဲ့အညီ စစ်ဆေးမေးမြန်းပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါ” ဟု အုပ်ချုပ်ရေးမှူး၏ညီ ဦးအောင်ဘသိန်းက ပြောသည်။

ထို့အပြင် သေဆုံးမှုနှင့် ပတ်သက်ပြီး အမှုဖွင့်လှစ်ပေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူပေးရန် မင်းပြားမြို့မရဲစခန်းကိုလည်း တိုင်ကြားထားသည်။

နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် စိတ္တရကျေးရွာအနီးသို့ အရောက်၌ ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်မှ AA တပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခဲ့ရာ ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

ထိုပစ်ခတ်သော နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ ဦးဉာဏ်သိန်းနှင့် ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင် တို့ကို လက်နက်ငယ်ကျည် ထိမှန်သေဆုံးလျက်ရှိသည်ကို တွေ့ရသည်ဟု တပ်မတော်က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် သေဆုံးသူ အမျိုးသမီးဒေါ်ဖြူဖြူဝင်း အမည်ကို ဖော်ပြထားခြင်း မရှိပေ။ ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင် သေဆုံးသွားသည်ဟုသာ ဖော်ပြထားသည်။ ယင်းနေ့တွင် အုပ်ချုပ်ရေးမှူးနှင့် ဒေါ်ဖြူဖြူဝင်းတို့သာ သေဆုံးသွားခြင်းဟု မိသားစုဝင်များက ပြောသည်။

ယင်းနေ့တွင် ရွာထဲတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိခဲ့ဟု မိသားစုဝင်များနှင့်ရွာသားများက ပြောဆိုထားသည်။

ထို့အပြင် ယင်းကျေးရွာမှ အမျိုးသား (၇)ဦးကိုလည်း မသင်္ကာဟုဆိုကာ တပ်မတော်ကဖမ်းဆီးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးနိုင်ရန်အတွက် မင်းပြားမြို့မရဲစခန်းသို့ လွဲှပြောင်းအပ်နှံရန် စီစဉ်ထားသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

Related Post : မင်းပြားမြို့နယ်တွင် ပစ်ခတ်ခံရ၍ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

ဗီဒီယိုများ