အသိပညာရှင်၊ အတတ်ပညာရှင်များ လာရောက်တာဝန်ထမ်းဆောင်ရန် AA ဒုစစ်ဦးစီးချုပ်တိုက်တွန်း

အာရက္ခတိုင်းပြည်၏ ယန္တရားများတွင် ကိုယ်တိုင်ကိုယ်ကျ အချိန်ပြည့်တာဝန်ယူ တာဝန်ထမ်းဆောင်ပေးနိုင်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ ပိုမိုလိုအပ်နေသဖြင့် လာရောက်တာဝန်ထမ်းဆောင်ကြရန် ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်က တိုက်တွန်းလိုက်သည်။

03 Jan 2022

DMG ၊ ဇန်နဝါရီ ၃

အာရက္ခတိုင်းပြည်၏ ယန္တရားများတွင် ကိုယ်တိုင်ကိုယ်ကျ အချိန်ပြည့်တာဝန်ယူ တာဝန်ထမ်းဆောင်ပေးနိုင်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ ပိုမိုလိုအပ်နေသဖြင့် လာရောက်တာဝန်ထမ်းဆောင်ကြရန် ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်က တိုက်တွန်းလိုက်သည်။

အဆိုပါတိုက်တွန်းချက်များပါဝင်သည့် “နှစ်သစ်ဆုတောင်း၊ ULA ခေါင်းလောင်းထိုးသံ”ဟု အမည်ပေးထားသည့် နှစ်သစ်ကူးဆုတောင်းကို ပြီးခဲ့သည့်ဇန်နဝါရီလ ၁ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်တစ်ခုဖြစ်သည့် Telegram တွင် ရခိုင်ဘာသာစကားဖြင့် ရေးသားထုတ်ပြန်ခဲ့သည်။

“အဖမြေအတွက် အသက်ပေးကာကွယ်ပေးနေတဲ့လူတွေအပြင် အာရက္ခတိုင်းပြည်ရဲ့ယန္တရားတွေထဲမှာ ကိုယ်တိုင်ကိုယ်ကျ အချိန်ပြည့်တာဝန်ယူ တာဝန်ထမ်းပေးနိုင်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို ပိုလိုအပ်နေတဲ့အတွက် လာရောက်တာဝန်ယူပေးကြဖို့ နှစ်သစ်မှာအသိပေးခေါင်းလောင်းထိုးလိုက်တယ်”ဟု ဗိုလ်မှူးချုပ်ညိုထွန်းအောင်က ဆိုသည်။

ဗိုလ်မှူးချုပ်၏ နှစ်သစ်ကူးဆုတောင်းစာတွင် အလုပ်များကို သုံးလေးဆလုပ်ရင်း ရက္ခိတအောင်ပွဲကို မြန်နိုင်သမျှမြန်အောင် စည်းစည်းလုံးလုံးနှင့် အလုပ်နှင့်သက်သေပြကြရမည်ဟုလည်း ဆက်လက်ရေးသားထားသည်။

“ရခိုင်တွေရဲ့ လာမယ့်ကာလရွှေရောင်နှစ်သစ်တွေက ဒီခေတ်ကိုပိုင်ဆိုင်ထားတဲ့ ဒီမျိုးဆက်နဲ့ ဒီလူတွေအပေါ်မှာပဲမူတည်ပါတယ်။ ကိုယ်လုပ်မှကိုယ်ရမယ်။ ကိုယ်တိုက်မှကိုယ်ရမယ်”ဟု ထည့်သွင်းရေးသားထားသည်။

AA ဒုတိယစစ်ဦးချုပ်က ထိုသို့ အသိပညာရှင်၊ အတတ်ပညာရှင်များ လာရောက်တာဝန်ထမ်းဆောင်ရန် တိုက်တွန်းချက်သည် ကောင်းမွန်သည့်လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံက မှတ်ချက်ပြုသည်။

“အခုလို အဖရခိုင်ပြည်တွက်ဆိုပြီး ဖိတ်ခေါ်တဲ့အတွက်ကြောင့် ကောင်းတဲ့လက္ခဏာတစ်ရပ်လို့မြင်တယ်။ တိုင်းပြည်အတွက် တတ်နိုင်တဲ့ဘက်က ကျရာတာဝန်ကိုထမ်းဆောင်ဖို့လိုအပ်တယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာ ကိုယ်တို့မျှော်လင့်ထားတဲ့ နိုင်ငံတိုင်းပြည်ထူထောင်ဖို့ ကြိုးစားနေတာဖြစ်တယ်။ အထူးသဖြင့်တတ်သိပညာရှင်တွေကို တာဝန်ထမ်းဆောင်ဖို့ဖိတ်ခေါ်တယ်ဆိုတာကလည်း အမြော်အမြင်ရှိတဲ့ခေါင်းဆောင်တစ်ဦးရဲ့လုပ်ရပ်ဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာပထမပတ်တွင် နားလည်မှုဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။

ထိုသို့တိုက်ပွဲရပ်တန့်နေသည့်ကာလတွင် AA သည် ပြည်နယ်တွင်း သြဇာလွှမ်းမိုးရန်အတွက် အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းများကို လုပ်ဆောင်လျက်ရှိသည်။ တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာများကိုကွင်းဆင်းပြီး ဒေသခံများနှင့် အုပ်ချုပ်ရေးမှူးများကို AA နှင့်မပတ်သက်ရန်၊ AA အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပါဝင်မပတ်သက်ရန် သတိပေးမှုများလည်းရှိသည်။

ဗီဒီယိုများ