တစ်ပတ်အတွင်း ရခိုင်သတင်းများ

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု) Development Media Group (DMG)  

09 Aug 2021

သြဂုတ် ၁

■ စစ်တွေမြို့တွင် အိမ်ထောင်စု ၂၀၀ အတွက် ငွေငါးဆယ်ကျပ်ဖြင့် “ကြိုက်တာဝယ်” Campaign အစီအစဉ်ကို ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်ကာလအတွင်း လူစုလူဝေးဖြစ်မည်ကို စိုးရိမ်သည်ဟုဆိုကာ လာရောက်တားမြစ်သဖြင့် အစီအစဉ်ဖျက်သိမ်းလိုက်ရကြောင်း အာရက္ခရင်ခွင် ပရဟိတလူငယ်များအသင်း၏ တာဝန်ရှိသူထံမှ သိရသည်။
■ ရခိုင်ပြည်အတွင်းနေထိုင်ကြသော ပြည်သူလူထုများအနေဖြင့် ဖြစ်ပွားသည့် အမှုအခင်းများနှင့် ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သို့ တိုင်ကြားနိုင်ကြောင်း သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
■ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းယူသွားသည့် ဦးစိန်ထွန်းလှအား လက်ရှိ အိမ်စောင့်အစိုးရအဖွဲ့မှ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ချင်းပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် သြဂုတ်လ ၁ ရက်နေ့က ခန့်အပ်လိုက်သည်။

သြဂုတ် ၂

■ ရမ်းဗြဲမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသည့် လူမှုအဖွဲ့အစည်းများတွင် သေဆုံးလူနာများနှင့် ပိုးတွေ့လူနာများအား ကူညီလုပ်ဆောင်ပေးရာ၌ အသုံးပြုရသည့် PPE ဝတ်စုံအပါအဝင် အခြားကိုဗစ်ကာကွယ်ရေးပစ္စည်းများ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း ရမ်းဗြဲမြို့နယ် လူမှုအဖွဲ့အစည်းများက ပြေခဲ့သည်။
■ ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် နေ့စားလပေး တိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမ (TA|LT) များမှာ ဇူလိုင်လအတွက် လစာငွေကို သြဂုတ်လ ၂ ရက်နေ့အထိ ရရှိခြင်းမရှိသေးကြောင်း ၎င်း ဆရာ၊ ဆရာများက ပြောခဲ့သည်။
■ သံတွဲမြို့တွင် ကိုဗစ်ကာကွယ်ဆေးများကို ဇူလိုင် ၃၀ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယင်းသို့ကာကွယ်ဆေး ထိုးရာ၌ လူစုလူဝေးများ ဖြစ်ပေါ်စေခဲ့ကြောင်း သံတွဲလူမှုရေးအဖွဲ့အစည်းများက ဝေဖန် အကြံပြုခဲ့သည်။
■ မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာများ ပြတ်တောက်ခဲ့ကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

သြဂုတ် ၃

■ တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၄၉ ဦးအထိ ရှိလာနေပြီး မြို့တွင်း၌ ဆေးခန်းများပိတ်ထားသဖြင့်  ရိုးရိုးဖျားနာခြင်းများအတွက် ဆေးခန်းပြသရန် အခက်အခဲရှိနေကြာင်း တောင်ကုတ်ဒေသခံများက ပြောနေကြသည်။
■ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားသည့် နာရေးကိစ္စများအပါ အဝင် ပိုးသတ်ဆေးဖြန်းခြင်းစသည့် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကို ဦးဆောင်နေသည့် We Love Kyauktaw လူမှုကူညီရေးအသင်းတွင် စေတနာ့ဝန်ထမ်းများ လိုအပ်ချက်ရှိနေကြောင်း သိရသည်။
■ စင်ကာပူနိုင်ငံမှ ဘင်္ဂလားဒေ့်ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ မောင်းနှင်လာသည့် ဗီယက်နမ်နိုင်ငံ (Tan Binh Co Ltd) ပိုင် ပနားမားနိုင်ငံမှတ်ပုံတင်သင်္ဘော MV Tan Binh 127 (IMO 9240043)သည် ရေဝင်မှုဖြစ်ပွားပြီး မောင်းသူမဲ့မျောပါသွားကြောင်း သြဂုတ်လ ၂ ရက်နေ့တွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာမှ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။
■ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)မှာ တရားစီရင်ရေးနှင့်ပတ်သက်၍ ဥပဒေရေးဆွဲထားပြီးဖြစ်သဖြင့် တရားရေးဌာနကို ဖွင့်ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောခဲ့သည်။
■ ကမ်းထောင်းကြီးမြို့အပါအဝင် မြေပုံမြို့နယ်မှ ကျေးရွာ(၄)ရွာနှင့် အမ်းမြို့နယ်မှ ကျေးရွာ(၃)ရွာတွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ သြဂုတ် ၃ ရက်နေ့အထိဆိုလျှင် ၉ ရက်အထိ ကြာမြင့်နေပြီဖြစ်သည့်အတွက် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
■ ရမ်းဗြဲမြို့နယ်တွင် ကိုဗစ်ကူးစက်မှု လျော့ကျလာစေရန်ရည်ရွယ်ပြီး ဒေသခံလူမှုအဖွဲ့အစည်းများနှင့် အာဏာပိုင်တို့ ပူးပေါင်းကာ နေ့လည် ၁၂ နာရီနောက်ပိုင်း လိုအပ်ချက်မရှိဘဲ အပြင်ထွက်သူများနှင့် Mask မတပ်သူများကို သြဂုတ် ၃ ရက်နေ့မှစတင်ကာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။
■ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးပြီး ရွာချင်းဆက်တံတားအချို့ပျက်စီးနေသဖြင့် ရေဘေးသင့်ပြည်သူများအတွက် မြို့နယ်ဘေးစီမံဌာနနှင့် လူမှုအဖွဲ့အစည်းများမှ ထောက်ပံ့ထားသည့် စားနပ်ရိက္ခာများကို သယ်ယူရန်ခက်ခဲနေသည်။
■ ပြည်သူများအနေဖြင့် COVID -19 ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နေအိမ်အတွင်း ကြိတ်ပြီး ဆေးမကုကြရန် ပြည်နယ်ကောင်စီပြန်ကြားရေးအဖွဲ့ဝင် ဦးလှသိန်းကပြောခဲ့သည်။

သြဂုတ် ၄

■ ရခိုင်ပြည်အတွင်း ကိုဗစ်ကာလ Stay at Home နောက်ထပ် ၂ ပတ် ထပ်တိုးကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ခဲ့သည်။
■ မျိုးရိုးဗီဇပြောင်း ကိုဗစ်တတိယလှိုင်းကာလတွင် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝ မရရှိကြဟု သိရသည်။
■ ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်တွင် ရောဂါပိုးတွေ့ရှိသူနှင့်သေဆုံးမှု မြင့်တက်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောခဲ့သည်။
■ မြောက်ဦးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် နန်းရိပ်ဂရုဏာအောက်ဆီဂျင်စက်ရုံမှ အောက်စီဂျင် ထုတ်လုပ်မှု ရပ်တန့်ထားခဲ့ရသည်။

သြဂုတ် ၅

■ ရခိုင်ပြည်တွင် ပြည်တွင်း၌ပုံမှန်ပြေးဆွဲနေသည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ခရီးသည်တင်ယာဉ်စီးခ ဈေးနှုန်းများမှာ ပုံမှန်ထက်တိုးမြင့်လျက်ရှိကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ သိရသည်။
■ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်အတည်ပြုလူနာများထဲမှ ကလေးမွေးဖွားပြီးစ အမျိုးသမီးတစ်ဦးမှာ သြဂုတ်လ ၅ ရက်နေ့က ကိုဗစ်ကြောင့်သေဆုံးခဲ့ရသည်ဟု ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိတပရဟိတအသင်းမှ သိရသည်။
■ အကြောင်းအမျိုးမျိုးကြောင့် အောက်ဆီဂျင်ထုတ်လုပ်မှုကို ရပ်နားထားခဲ့ရသည့် သံတွဲမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ အောက်ဆီဂျင်စက်ရုံ နှစ်ရုံမှာ သြဂုတ် ၅ ရက်နေ့တွင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
■ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာမှ ကျေးရွာတာဝန်ခံတစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးသွားပြီးနောက် ရွာအတွင်းသို့ တပ်မတော်မှ ဝင်ရောက်စစ်ဆေးခဲ့သည်။
■ စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းခဲ့ခြင်းသည် ပြည်ထောင်စု၏ ဒီမိုကရေစီအသွင်ကူးပြောင်းတိုးတက် ဖြစ်ထွန်းမှုဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။
■ ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကျောက်တော်မြို့၊ မြို့မဈေးကို ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအချိန်ထိ ရောင်းချခွင့်ပြုထားကြောင်း သြဂုတ် ၅ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

သြဂုတ် ၆

■ ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ် မြို့နယ်အချို့၌ နေအိမ်ထွက်အမှိုက်များကို စနစ်တကျ စွန့်ပစ်သိမ်းဆည်းရန် အခက်အခဲရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။
■ တောင်ကုတ်မြို့နယ်မှ ဆားပြင်၊ ကုန်ဘောင်၊ ဆိပ်သာ၊ ဇနီ၊ အောင်မင်္ဂလာ၊ ပေါက်ပြင်၊ တောင်ပေါက်၊ ကမာ၊ စပါးထား စသည့်ကျေးရွာများတွင် သြဂုတ်လ ၆ ရက် နံနက် ၃ နာရီကျော်မှစပြီး မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျချောင်းရေများ ဝင်ရောက်လာခြင်းကြောင့် လက်တောင် ၄တောင် (ခြောက်ပေကျော်) ကျော်အထိ ရေမြင့်တက်နေကြောင်း ဆားပြင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးဝေသောင်းက ပြောသည်။
■ ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းများနှင့် IDP စခန်များမှ အသက် (၆၅)နှစ်အထက်ရှိသူများကို ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးရန် ပြည်နယ်ကောင်စီက သြဂုတ်လ ၆ ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၇

■ ရခိုင်ပြည်အတွင်း ဈေးရောင်း၊ဈေးဝယ်ပြုလုပ်ရာ၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးတင်မရောင်းချရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ရ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
■ လက်ရှိဖြစ်ပွားနေသော ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သီတင်းသုံးနေကြသည့် သီလရှင်များမှာ သီတင်းသုံးရန်နှင့် ကျန်းမာရေးအသုံးစရိတ်ကိစ္စများအတွက် အခက်အခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။
■ မာန်အောင်မြို့တွင် ကိုယ်ထူကိုယ်ထ တည်ဆောက်မည့် အောက်ဆီဂျင်ထုတ်စက်ရုံကို လျှပ်စစ်မီးမရရှိသောကြောင့် မီးစက်စနစ်ဖြင့်လည်ပတ်ရန် စီစဉ်ထားကြောင်း စက်ရုံဖြစ်မြောက်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
■ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ်လ ၆ ရက်နေ့အထိ စာရင်းအရ ရခိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ ၂၆၅ ဦးရှိလာပြီး ပိုးတွေ့လူနာစုစုပေါင်း ၃၁၅၄ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။
■ ရခိုင်ပြည်အတွင်းက မြို့နယ်တချို့တွင် နေ့လည်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် စစ်တပ်၊ ရဲနှင့် လဝက စသည့်အဖွဲ့များပူးပေါင်းပြီး  လမ်းသွား၊ လမ်းလာ၊ ကား၊ ဆိုင်ကယ်များကို ရပ်တန့် စစ်ဆေးခြင်း များရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေကြသည်။
■ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သြဂုတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပိတ်ပင်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ