ကျောက်တော်တွင် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ကျေးရွာမှ နွားကျောင်းနေသည့် ဒေသခံတစ်ဦးမှာ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီကျော်က မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

17 Aug 2021

DMG ၊ ဩဂုတ် ၁၇  

ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ကျေးရွာမှ နွားကျောင်းနေသည့် ဒေသခံတစ်ဦးမှာ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီကျော်က မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ ဦးအောင်သိန်းဆန်း အသက် (၃၅) နှစ် ဖြစ်ပြီး၊ ကျေးရွာနှင့် ၂ မိုင်ခန့်ဝေးသည့် ကန်စောက်တောင် အမြောက်တပ်အနီး ကွင်းပြင်တွင် နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။

"ရွာနဲ့ မနီးမဝေး ကန်စောက်တောင် နားမှာရှိတဲ့ အမြောက်တပ်နဲ့ မနီးမဝေးနေရာမှာ နွားကျောင်းနေတာ။ အဲဒီမှာ သူနင်းမိပြီး ပေါက်သွားတာပါ။ ဘယ်ဖက်ဒူးအောက်ပိုင်း တခုလုံး ပွန်းပဲ့သွားတယ်။ ခြေဖဝါးဆိုရင် ရှာမတွေ့တော့ဘူး။ သူ့မှာ သူငယ်ချင်း ၅ ယောက်လောက်ပါတယ်။ သူတို့က ခပ်ဝေးဝေးမှာဆိုတော့ ဘာမှ မဖြစ်သွားကြဘူး။ " ဟု ဆိုသည်။

လက်ရှိ ဒဏ်ရာရှိသူကို အပေါက်ဝဆေးရုံမှတဆင့် စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ခြေထောက်ကိုလည်း ဖြတ်ရမည့်အခြေနေရှိသည်ဟု ဦးအောင်ဆန်းဦးက ပြောသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားသည့် နယ်မြေများမှ ဒေသခံများအား မိုင်းအန္တရာယ်ကာကွယ်ရန် အသိပညာပေးမှုများ ပိုမိုထိရောက်မှုအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက DMG သို့ ပြောဆိုထားကြသည်။

လက်ရှိတွင် မိုင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးမှုနှင့် ပတ်သက်၍ ပြည်တွင်းအရပ်ဖက်အဖွဲ့စည်းများ ဖြစ်သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) နှင့် ဝံလက်ဖောင်ဒေးရှင်းအဖွဲ့အစည်းတို့က လုပ်ဆောင်လျက်ရှိသည်။

ရခိုင်ပြည်အတွင်းမှ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျေက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်တို့တွင် မိုင်းအန္တရာယ်အသိပညာပေးမှုများကို လုပ်ဆောင်ပေးထားကြောင်း ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက DMG သို့ ယခင် မေးမြန်းမှုများတွင် ပြောကြားထားသည်။

“ရခိုင်ပြည်မှာ မိုင်း Action Group ဖွဲ့ရင်တော့ ကောင်းတာပေါ့။ တခြားပြည်နယ်တွေမှာ ပြည်နယ်အဆင့် အရပ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့တွေ၊ NGO ပေါင်းလို့ ဖွဲ့တာတွေရှိတယ်။ အဲလိုမျိုးဖွဲ့ဖို့လိုတယ်။ နောက်ပိုင်းတော့ ဖွဲ့ကောင်းလည်းဖွဲ့လာနိုင်လိမ့်မယ့်။ အစိုးရက အားပေးမှုတွေလုပ်တော့ ပိုကောင်းတာပေါ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အများကြီးလုပ်နိုင်လာမယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်တွင် ၂၀၁၉ ခုနှစ်အတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး စသည့် မြို့နယ်များတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) က ထုတ်ပြန်ထားသည်။

တိုက်ပွဲနှစ်နှစ်တာကာလအတွင်း ကလေးသူငယ်များ၊ လူကြီး၊ လူလတ်များမှာ မြေမြှုပ်မိုင်း၏ ဆိုးကျိုးများကြောင့် သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးကာ မသန်စွမ်းဖြစ်သွားသူများလည်းရှိသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ကောက်ယူထားသည့် စာရင်းများအရ တိုက်ပွဲဖြစ်ပွားသည့် အချိန်မှစ၍ ၂၀၂၁ ဇွန်လအထိ စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၁ ဦးအထိရှိခဲ့ပြီး ထိုအထဲတွင် ကလေးသူငယ်မှာ အများဆုံးပါဝင်ကြောင်း သိရသည်။

ဗီဒီယိုများ