တစ်ပတ်အတွင်း ရခိုင်သတင်းများ

02 Sep 2021

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု)

သြဂုတ် ၂၃
■ ရခိုင်ပြည်တွင် မိုးနည်းနေသော်လည်း ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လာပါကာ ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားခဲ့သည်။
■ မောင်တောမြို့နယ် မြောက်ပိုင်းမှာ ရေဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့ရသည့် ရွာချင်းဆက်တံတား (၇) စင်းထဲမှ (၆) စင်းမှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
■ ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကာလအတွင်းက မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ နေအိမ် ၁၄၈ အိမ်နှင့် သေဆုံးခဲ့ရသူ အမျိုးသား ၂ ဦးတို့အတွက် ဝမ်းနည်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်  သြဂုတ်လ ၂၃ ရက်နေ့ ညရှစ်နာရီတွင် ရွာလုံးကျွတ်ဆီမီးထွန်းမှုများ ပြုလုပ်ခဲ့ကြသည်။
■ မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်းကို သြဂုတ်လ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း ကိုဗစ်ကာလ ရုံးပိတ်ရက်ဖြစ်နေသည့်အတွက် စစ်ဆေးမေးမြန်းခြင်းမရှိခဲ့ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းခဲ့သည်။  
သြဂုတ် ၂၄
■ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသော အမှုများကို ရုပ်သိမ်းပေးရေးမှာ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း ဖမ်းဆီးဒခံထားရသူများ၏ မိသားစုဝင်များနှင့် ရှေ့နေများထံမှ သိရသည်။
■ ရခိုင်ပြည်အတွင်းက ဒေသအချို့တွင် စစ်တပ်က အင်အားတိုးချဲ့နေသည့် အခြေအနေကို ရက္ခိုင့်တပ်တော်(AA) အနေဖြင့် အနီးကပ်စောင့်ကြည့်နေကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားခဲ့သည်။
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်မျိုးကွဲ (Lambda) ပိုးသစ် တွေ့ရှိနေသဖြင့် ဘင်္ဂဒေ့ရှ်နိုင်ငံနှင့် ခိုးဝင်၊ ခိုးထွက် မရှိစေရေး တာဝန်ရှိသူများအား အထူးစီစစ်ကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ်ကောင်စီ သတင်းပြန်ကြားရေး တာဝန်ခံ ဦးလှသိန်းက ပြောခဲ့သည်။
■ မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်(UNESCO) စာရင်း ဝင်ရောက်နိုင်ရေးအတွက် လာမည့်စက်တင်ဘာလတွင် တင်သွင်းရမည့် အဆိုပြုလွှာမူကြမ်းမှာ ပြီးစီးနေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
■ ရက္ခိုင့်တပ်တော်(AA)က ပြုလုပ်သည့် တရားစီရင်ရေးကိစ္စများနှင့် ကိုဗစ်ထိန်းချုပ်ရေးစာများကပ်ပါက အသိပေးရန် ကျောက်ဖြူမြို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်မှ ခေါ်ယူသတိပေးခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောခဲ့သည်။
သြဂုတ် ၂၅
■ ရခိုင်ပြည်အတွင်းက မြို့နယ်အများအပြား၌ ကိုဗစ်ပိုးတွေ့နှုန်းကျဆင်းလာသော်လည်း ဂွမြို့နယ်တွင် ကျဆင်းမှုမရှိသေးသဖြင့် နေ့လည် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရ ဒေသန္တရအမိန့်ကို သြဂုတ်လ ၂၅ ရက်နေ့စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည်အတွင်းက ပရဟိတလုပ်ငန်း လုပ်ကိုင်နေသူများတွင် အလှူရှင်များထံမှ လှူဒါန်းထားသည့် အလှူငွေများကို လိမ်လည်ခံရသည့်ဖြစ်စဉ်များ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း လိမ်လည်ခံရသည့် ကာယကံရှင်များထံမှ သိရသည်။
■ မာန်အောင်မြို့မှ တောင်ကုတ်မြို့သို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်ဈေးမှာ လူတစ်ဦးလျှင် ငါးသောင်းကျပ်အထိရှိနေ၍ ယခင်ထက် ငါးဆကျော်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ် ၂၆
■ ရခိုင်ပြည်တွင် ကိုဗစ်ကာလအတွင်း (Stay at Home)ကာလ ထုတ်ပြန်သတ်မှတ်ခြင်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
■ ULA/AA တရားရေးဌာနသို့ တိုင်ကြားသည့် အမှုများစွာရှိပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်နေကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားခဲ့သည်။
■ ရခိုင်ပြည်မှ ကိုဗစ်လူနာများအတွက် COVID -19 Call Center ကို စစ်တွေမြို့တွင် ဖွင့်လှစ်ပေးထားကြောင်း ပြည်နယ်ကောင်စီထံမှ သိရသည်။
■ ရခိုင်ပြည်အတွင်းက ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းနှင့် မြေပုံ စသည့်မြို့နယ်လေးခုတွင် ဒီရေတောပျက်စီးပြုန်းတီးမှုမှာ ၇၉ ရခိုင်နှုန်းခန့်အထိ ရှိလာနေကြောင်း ရခိုင်ပြည်က ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက ဆိုကြသည်။
သြဂုတ် ၂၇
■ စစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် ရခိုင်အမျိုးသားပါတီ(ANP)၏ ပါတီရပ်တည်ချက်၊ ပါတီမူဝါဒများကို မကြိုက်ဟုဆိုကာ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ဦး၊ ဗဟိုကော်မတီဝင် နှစ်ဦးနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သူ နှစ်ဦးတို့ ပါတီမှနှုတ်ထွက်သွားခဲ့ကြောင်း  ANP ပါတီ တာဝန်ရှိသူများထံမှ သိရသည်။
■ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးထံ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စု(၁၉၉)စု၊ လူဦးရေ (၁၉၂၆)ဦးတို့ ခိုလှုံနေထိုင်ရာ ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာအပြင် မီးဖိုချောင်သုံးပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။
■ ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ အိမ်ထောင်စု(၂၀၀)ကျော်အတွက် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့ကို သြဂုတ်လ ၂၇ ရက်နေ့က အမ်းမြို့နယ်ရှိ ခမရ(၃၇၃)တပ်ရင်း စစ်ဆေးရေးဂိတ်မှ ဖြတ်သွားခွင့်မပြုကြောင်း တားမြစ်ခံရသည့်ပရဟိတအဖွဲ့ထံမှ သိရသည်။
■ မောင်တောမြို့ ကျီးကန်းပြင်စစ်ဆေးဂိတ်တွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဆီဘောက်ဆာယာဉ်ဖြင့် သယ်ဆောင်လာသည့် ကာလတန်ဖိုး (၁၀,၃၇၀,၅၀၀,၀၀၀)ကျပ် တန်ဖိုးရှိ မူးယစ်ဆေးဝါးအမြောက်အများကို ဖမ်းဆီးရမိခဲ့သည်။
■ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာအတွင်း မြန်မာစစ်တပ်မှ ဝင်ရောက်ကာ တပ်စွဲနေထိုင်နေခြင်းအပေါ်  ဒေသခံများအနေဖြင့် စိုးရိမ်နေကြပြီး အချို့မှာ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်းရှိကြောင်း ယင်းကျေးရွာသားများကပြောသည်။
သြဂုတ် ၂၈
■ စစ်တွေမြို့က သက္ကယ်ပြင်မွတ်ဆလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် နေရာသို့ သတင်းမီဒီယာများကို ဝင်ရောက်ခွင့်မပြုသလို ပြင်ပမှ ဓါတ်ပုံရိုက်ယူခြင်းများကိုလည်း ရဲနှင့်စစ်တပ်က တားဆီးခဲ့သည်။
■ ရခိုင်ပြည်အတွင်းက အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများ၊ တိုက်ပွဲကာလအတွင်း သတင်းအစအနမရဘဲ ပျောက်ဆုံးသွားသူများ၏ မိသားစုဝင် စုစုပေါင်းအိမ်ထောင်စု (၂၀၀) ကျော်ကို ဝေဟင်အောင် ပရဟိတအဖွဲ့မှ ငွေကျပ်သိန်း(၁၀၀)ကျော်သုံးစွဲပြီး ကူညီထောက်ပံ့နေကြောင်း သိရသည်။
■ ဂွမြို့နယ်တွင် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ဖျောက်ဖျက်ကျူးလွန်မှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို ဘေး/စီမံ ဥပဒေဖြင့်အရေးယူခဲ့သည်။
သြဂုတ် ၂၉
■ ကျောက်ဖြူမြို့တွင် ငါးလုပ်ငန်းအတွက် စုပေါင်းရှယ်ယာငွေ ကျပ်သိန်း ၂၅,ဝဝဝ ကျော်လက်ခံထားသူ လင်မယားနှစ်ဦး ဖြစ်သည့် ဦးဝင်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်ဖြူဖြူသန်းတို့မှာ မိသားစုနှင့်အတူ နေအိမ်မှထွက်ခွာသွားပြီး ပျောက်ဆုံးနေသည်။
■ ရခိုင်ပြည်အတွင်းရှိ IDP မူဆလင်စခန်းများအား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP – World Food Program) က စားနပ်ရိက္ခာများ ပြန်ပေးနေပြီဟု သိရသည်။
■ ရခိုင်တစ်ပြည်နယ်လုံးရှိ ၁၇ မြို့နယ်အနက် ၁၁ မြို့နယ်တွင် စစ်ဆေးချက်အရ ကိုဗစ်လူနာ မတွေ့တော့ကြောင်း ပြည်နယ်စစ်ကောင်စီက သြဂုတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၃၀
■ ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ အိမ်ထောင်စု(၂၀၀)ကျော်အတွက် စားနပ်ရိက္ခာများကူညီထောက်ပံ့ပေးရန် ခွင့်ပြုချက်မရသဖြင့် ထောက်ပံ့ပေးမည့် အစီအစဉ်အား ရက်အသန့်အသတ်မရှိ ရပ်နားလိုက်ရကြောင်း မေတ္တာရှင်ပရဟိတအဖွဲ့က ပြောခဲ့သည်။
■ ပြည်နယ်စစ်ကောင်စီနှင့် တင်းမကျေးရွာသားတို့ကြားတွင် နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့က သဘောတူညီမှုများရှိခဲ့သော်လည်း လက်ရှိမှာ အဆိုပါသဘောတူညီချက်များကို ပြည်နယ်စစ်ကောင်စီမှ အကောင်အထည်ဖော်ရန် နှောင့်နှေးနေခြင်းကြောင့် နေရပ်သို့ပြန်နိုင်မည်မဟုတ်သေးကြောင်း ယင်းကျေးရွာသားများက ပြောဆိုသည်။
■ ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ခြေများကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောခဲ့သည်။
■ စစ်တွေမြို့၊ မင်းဂံရပ်ကွက်အကွက်(၁၃)တွင်ရှိသည့် ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် သြဂုတ် ၃ဝ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် အမျိုးသားတစ်ဦးမှာ ကတ်ကြေးဖြင့်အထိုးခံရ၍ သေဆုံးသွားပြီး ပြစ်မှုကျူးလွန်သူမှာ မိသားစုနဲ့အတူ ထွက်ပြေးသွားကြသည်ဟု စခန်းရှိတာဝန်ရှိသူများထံမှ သိရသည်။
■ မြောက်ဦးမြို့ရှိ ယာယီပြောင်းရွှေ့ရောင်းချနေသည့်ဈေးအတွင်း လိပ်များကို သတ်ဖြတ်ရောင်းချသူများအား တွေ့ရှိရသဖြင့် ယင်းသို့သတ်ဖြတ်ရောင်းချပါက ထောင်ဒဏ်အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်ထိ ချမှတ်နိုင်ကြောင်း  သြဂုတ် ၃၀ ရက်နေ့က ဈေးအတွင်း လော်စပီကာများဖြင့် နှိုးဆော်သတိပေးခဲ့သည်။
သြဂုတ် ၃၁
■ ရခိုင်ပြည်အတွင်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့် အမှုအချို့ကို ရုပ်သိမ်းပေးရန် ဆောင်ရွက်နေကြောင်း သြဂုတ်လ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
■ ရမ်းဗြဲမြို့၊ အမှတ်(၆)ရပ်ကွက်တွင် အောက်စီဂျင်စက်ရုံ တည်ဆောက်နေသည့်မြေနေရာအား ကန့်ကွက်သူရှိသဖြင့် ယနေ့သြဂုတ်လ ၃၁ ရက်နေ့တွင် စက်ရုံတည်ဆောက်မှုကို ယာယီရပ်နားလိုက်ကြောင်း သိရသည်။
■ ရမ်းဗြဲမြို့နယ်ရှိ ကမန်လူမျိုးများနေထိုင်ခဲ့သော မြေယာများကို အခြားရည်ရွယ်ချက်ဖြင့် စီမံခန့်ခွဲခြင်းအား ရခိုင်နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ သက်ဆိုင်ရာ မြို့မိမြို့ဖများအနေဖြင့် ပြန်လည် သုံးသပ်သင့်ပြီး ထိုစီမံကိန်းများအား အခြားသင့်တော်ရာ နေရာတခုခုတွင် အကောင်အထည်ဖော်ရန်သာ စဉ်းစားသင့်ကြောင်း ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) မှ တိုက်တွန်းသည့် ကြေငြာချက်တစ်စောင်အား ထုတ်ပြန်ခဲ့သည်။
■ မောင်တောမြို့နယ်၊ ဦးရှည့်ကျ (မွတ်ဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီအာလောင် အသက် ၃၂ နှစ်မှာ သြဂုတ်လ ၂၉ ရက် ညနေပိုင်းအချိန်က မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့သွားစဉ် စရဖ၏ ဖမ်းဆီးခံခဲ့ရပြီးနောက်  သြဂုတ် ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ရုပ်အလောင်းအား မောင်တောပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပို့ဆောင်သွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများကပြောသည်

ဗီဒီယိုများ