ဘူးသီးတောင်နှင့် မြောက်ဦးက အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာအရေးယူပေးရန် အမေရိကန်ရောက် ရခိုင်အမျိုးသမီးများတောင်းဆို

ဘူးသီးတောင်မြို့  ဂန္ဓာရီပရဟိတဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းမှ အသက် ၂၇ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ အသက် ၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့အစည်းထံသို့ အမေရိကန်ရောက် ရခိုင်အမျိုးသမီးအဖွဲ့ (Arakanese women’s Association – USA) မှ ယနေ့ (ဇွန် ၉၊ ၂၀၂၁) ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

09 Jun 2021

DMG ၊ ဇွန် ၉

ဘူးသီးတောင်မြို့  ဂန္ဓာရီပရဟိတဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းမှ အသက် ၂၇ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ အသက် ၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့အစည်းထံသို့ အမေရိကန်ရောက် ရခိုင်အမျိုးသမီးအဖွဲ့ (Arakanese women’s Association – USA) မှ ယနေ့ (ဇွန် ၉၊ ၂၀၂၁) ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

အဓမ္မပြုကျင့်မှုနှင့် အဓမ္မပြုကျင့်သူများကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အဆိုပါအမျိုးသမီးများအတွက် လွန်စွာဝမ်းနည်းကြေကွဲရကြောင်း အမေရိကန်ရောက် ရခိုင်အမျိုးသမီးများက ပြောသည်။
ယင်းအမျိုးသမီးနှစ်ဦးနှင့် မိသားစုဝင်များကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးသွားမည်ဟု ရခိုင်အမျိုးသမီးများအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့သည် ရက္ခိုင့်တပ်တော် (AA) မှ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို လည်ပတ်နိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်ကြောင်း ရခိုင်ပြည်သူများက သိထားကြသည်။

သို့သော် လက်ရှိတွင် ရက္ခိုင့်တပ်တော်မှ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းထားခြင်း ရှိမရှိ DMG မှ အတည်မပြုနိုင်ပေ။ သို့သော်လည်း ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ မီဒီယာတစ်ခုနှင့်အင်တာဗျူးမှာ ရခိုင်ပြည်တွင် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ဖွဲ့စည်းသွားမည်ဟု ပြောဆိုထားသည်။

ဘူသီးတောင်မှ အမျိုးသမီးကို အဓမ္မပြုကျင့်သူမှာ ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာအုပ်စု၊ ရွာမကုန်းနားကျေးရွာမှ ဆွေတာမောက်၏သား သက် ၅၄ နှစ်အရွယ်ရှိ ဖူတုအာလီကို ဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးမှ ပြောဆိုထားကာ ၎င်းကို တောင်ဘဇာနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးကို အဓမ္မပြုကျင့်သူမှာ ယင်းစခန်းတွင် နေထိုင်သူ ဦးကျော်နိုင်မိုးဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများအား ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ အဓမ္မပြုကျင့်မှုများကို ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူများကို သက်ဆိုင်ရာအာဏာပိုင်များမှ တရားနည်းလမ်းအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများကို ပြေပျောက်စေရေးအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ထုတ်ပြန်ချက်ထုတ်ထားသည်။

စစ်ဘေးရှောင်စခန်းတွင်ရှိသည့် အမျိုးသမီးများအနေဖြင့် လုံခြုံမှုကင်းမဲ့နေပြီး၊ တာဝန်ရှိသူများအနေဖြင့်လည်း ကူညီထောက်ပံ့ပေးသည့်အခါ အလေးထားဆောင်ရွက်သင့်ပြီး ယင်းကဲ့သို့ မလုပ်ဆောင်ပါက လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများ ဖြစ်လာနိုင်သည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူကပြောသည်။

ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ အဆိုပါ အဓမ္မပြုကျင့်သည့်ကိစ္စနှင့်ပတ်သက်ပြီး မည်ကဲ့သို့ စီရင်မည်ကို DMG မှ သိရှိနိုင်ခြင်းမရှိပေ။ မြောက်ဦးမြို့မရဲစခန်းကို ဆက်သွယ်သော်လည်း DMG မှ အဆက်အသွယ်မရရှိခဲ့ပေ။

အမျိုးသမီးများအား အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ဥပဒေရေးရာကုစားရေးအဖွဲ့ (LCM) ၏ စာရင်းအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လူတစ်ဦးချင်းတိုင်ကြားလာသည့်အမှု ၁၈၄ မှုနှင့် ဖုန်းဖြင့်တိုင်ကြားလာ၍ ဖုန်းဖြင့် အကြံပေးခဲ့သည့် အမှုပေါင်း ၅၉၉ မှုရှိကြောင်း ယင်းထဲတွင် အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူမှုစီးပွားဆိုင်ရာ အကြမ်းဖက်မှုများပါဝင်းကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဥပဒေတွင် ယခင်ပြဌာန်းထားသည့် ဥပဒေအရ ရာဇသတ်ကြီးပုဒ်မ ၃၇၆ တွင် မုဒိန်းမှု ကျူးလွန်သူကို အနှစ် ၂၀ ထောင်ဒဏ် ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း၊ မုဒိန်းကျင့်ခံရသော မိန်းမသည် မိမိ မယား ဖြစ်၍ အသက် ၁၂ နှစ်အောက် မဟုတ်လျှင် မုဒိန်းကျင့်သောသူကို ၂ နှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟူ၍ပါဝင်သည်။

သို့သော် ပြင်ဆင်ပြဌာန်းလိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိန်းမှုကျူးလွန်သူများအား အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်တစ်သက် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

ဗီဒီယိုများ