အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ်(သိပ္ပံအထူးပြုဘာသာရပ်) သင်တန်းများ ဖွင့်လှစ်တော့မည်

၂၀၂၂ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ်(သိပ္ပံအထူးပြုဘာသာရပ်)သင်တန်းများဖွင့်လှစ်မည်ဟု စစ်ကောင်စီလက်အောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနမှ ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကြေညာထားသည်။

By DMG 20 Jan 2022

DMG ၊ ဇန်နဝါရီ ၂၀

၂၀၂၂ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ်(သိပ္ပံအထူးပြုဘာသာရပ်)သင်တန်းများဖွင့်လှစ်မည်ဟု စစ်ကောင်စီလက်အောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနမှ ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကြေညာထားသည်။

တက္ကသိုလ်နောက်ဆုံးနှစ်(သိပ္ပံအထူးပြုဘာသာရပ်) သင်တန်းများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် လက်တွေ့နှင့် သင်ကြားပို့ချမှုများကို စတင်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက ၎င်းတို့ထံ ညွှန်ကြားချက်တစ်စုံတစ်ရာ မရောက်ရှိသေးကြောင်း DMG သို့ပြောသည်။

“အဲဒါနဲ့ပတ်သက်ပြီး TV သတင်းနဲ့ ဒီနေ့ထုတ်သတင်းစာတွေမှာပဲတွေ့တယ်။ ကျနော်တို့ဆီ သက်ဆိုင်ရာကညွှန်ကြားချက် မရောက်သေးပါဘူး” ဟု ပြောသည်။

စစ်တွေတက္ကသိုလ်တွင် သိပ္ပံဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသားဦးရေ စုစုပေါင်း (၂၄၉) ဦးရှိပြီး ယင်းအထဲတွင် ဓာတု၊ ရူပ၊ သင်္ချာ၊ သတ္တ၊ ရုက္ခ စသည့်မေဂျာများမှ ကျောင်းသားများပါဝင်ကြောင်း သိရသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(ယာယီ) ကိုဘုန်းပြည့်ဖြိုးက “တစ်ပတ်လောက်တော့ ကြိုပြီးအသိပေးသင့်တယ်လို့ထင်တယ်။ အခုက ၂၂ ရက်နေ့ဆိုတော့ ဒီနေ့က ၂၀ တောင်ဖြစ်နေပြီဆိုတော့ ရက်ချင်းနီးနေပြီဆိုတော့ တစ်ချို့အဝေးသင်ကျောင်းသားတွေ အခက်အခဲဖြစ်နိုင်တယ်။ ဘာလို့ဆိုတော့ တစ်ချို့က လုပ်ငန်းခွင်ကိုဝင်နေကြတာဆိုတော့ လုပ်ငန်းခွင်မှာ ခွင့်မရတာတို့ဘာတို့ အခက်ခဲဖြစ်နိုင်တယ်” ဟု ပြောသည်။

ယခုဖွင့်လှစ်မည့် သိပ္ပံဘာသာရပ်အပြင် တခြားဘာသာရပ်များကိုလည်း အမြန်ဆုံးဖွင့်လှစ်စေလိုကြောင်း ၎င်းကဆက်ပြောသည်။

“ဖြစ်နိုင်ရင်တော့ မြန်မြန်ဆန်ဆန်နဲ့ ကျောင်းတက်နိုင်ရင်တော့ ကောင်းတာပေါ့။ ကျောင်းတက်ချင်တဲ့သူတွေကို ကျောင်းတက်ခွင့်ပေးစေချင်တယ်။ အခုက သိပ္ပံဘာသာရပ်တစ်ခုတည်းဆိုတော့ ဝိဇ္ဇာဘာသာရပ်သမားတွေအတွက် မေးခွန်းထုတ်စရာဖြစ်နေတယ်။ ဝိဇ္ဇာဘာသာရပ်တွေကိုလည်း မြန်မြန်ဆန်ဆန်ဖွင့်နိုင်ရင် ကောင်းမယ်လို့ထင်တယ်” ဟု ကိုဘုန်းမြတ်ဖြိုးက ဆိုသည်။

ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းက တက္ကသိုလ်၊ ကောလိပ်များကို ၂၀၂၀ ခုနှစ် အစောပိုင်းကနေပိတ်ထားခဲ့ရပြီး တက္ကသိုလ်၊ ဒီကရီကောလိပ်နှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် ပြန်လှည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ