တရုတ်သို့သွားသည့် ရခိုင်လူငယ် ၄၀ ကျော်ကို အာဏာပိုင်များက လောက်ကိုင်ဒေသတွင် တားဆီးပြီး နေရပ်ပြန်ခိုင်း

ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စသည့်မြို့နယ်များမှ ခရီးသည်အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၄၇ ဦးတို့မှာ ချင်းရွှေဟော်မြို့ ရွှေရခိုင်တည်းခိုခန်းတွင် တည်းခိုလျက်ရှိစဉ် နိုဝင်ဘာလ ၃ ရက် နေ့တွင် ဒေသရဲတပ်ဖွဲ့နှင့် တပ်မတော်သားများမှ ဧည့်စာရင်းလာစစ်ကာ ၎င်းတည်းခိုခန်းတွင်ရှိသည့် ရခိုင် လူငယ် ၄၀ ကျော်ကို ရခိုင်ပြည်နယ်သို့ပြန်ခိုင်းခဲ့ကြောင်း တည်းခိုခန်းပိုင်ရှင် ဒေါ်ဦးသောင်းမေ က DMG ကိုပြောသည်။

04 Nov 2019

ခိုင်ရိုးလ | DMG

နိုဝင်ဘာ ၄ ၊ စစ်တွေ

တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့တွင် ရောက်ရှိနေသော တရုတ်ပြည်သို့သွားမည့် ရခိုင်လူငယ် ၄၀ ကျော်ကို သက်ဆိုင်ရာ အာဏာပိုင်များက စစ်ဆေးကာ မိမိနေရပ်သို့ ပြန်ခိုင်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စသည့်မြို့နယ်များမှ ခရီးသည်အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၄၇ ဦးတို့မှာ ချင်းရွှေဟော်မြို့ ရွှေရခိုင်တည်းခိုခန်းတွင် တည်းခိုလျက်ရှိစဉ် နိုဝင်ဘာလ ၃ ရက် နေ့တွင် ဒေသရဲတပ်ဖွဲ့နှင့် တပ်မတော်သားများမှ ဧည့်စာရင်းလာစစ်ကာ ၎င်းတည်းခိုခန်းတွင်ရှိသည့် ရခိုင် လူငယ် ၄၀ ကျော်ကို ရခိုင်ပြည်နယ်သို့ပြန်ခိုင်းခဲ့ကြောင်း တည်းခိုခန်းပိုင်ရှင် ဒေါ်ဦးသောင်းမေ က DMG ကိုပြောသည်။

“မနေ့က ညနေပိုင်းက ဧည့်စာရင်းလာစစ်တယ်။ အဲဒီလူတွေကို တစ်ယောက်မှ ဟိုဘက်ကို(တရုတ်)မဝင်ခိုင်းဘူး။ (နေရပ်)ကို ပြန်ခိုင်းတယ်။ စစ်တပ်၊ ရဲက လာစစ်တာပါ။ သူတို့က ဒီနေ့တော့ မိုးချုပ်သွားလို့ နားလည်မှုပေးမယ်။ မနက်ဖြန်ဆိုရင် တယောက်မှမနေနဲ့ ပြန်သွားဆိုပြီးပြောပါတယ် ” ဟု ၎င်းကဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိတွင် နေရပ်ပြန်ခိုင်းခံရသည့် ရခိုင်လူငယ် ၄၇ ဦးမှာ ချင်းရွှေဟော်မြို့မှ ထွက်ခွာသွားကြပြီဖြစ်ကြောင်း ရွှေရခိုင်တည်းခိုးခန်းပိုင်ရှင်က ဆိုသည်။

ယခုကဲ့သို့ တည်းခိုခန်းတွင် ရခိုင်တိုင်းရင်းသားများ လာရောက်တည်းခိုမှုကို တားဆီးခြင်းမှာ တည်းခိုခန်း ပိုင်ရှင်များအတွက် များစွာအခက်အခဲဖြစ်ရကြောင်း ဒေါ်ဦးသောင်းမေက ပြောသည်။

“ကျွန်မတို့ တည်းခိုခန်းမှာ ရခိုင်တွေလာတာများတယ်။ အခု မလာရဘူးဆိုတော့ တည်းခိုသူတွေ မရောက်လာဘူးဆိုရင် ကျွန်မတို့အတွက် အရမ်းခက်ခဲသွားပြီ။ အခုဆိုရင် တည်းခိုခန်းမှာ တစ်ယောက်မှ မရှိတော့ဘူး ” ဟု ၎င်းကဆိုသည်။

ယခုလို နိုင်ငံသားများအား မိမိတို့နိုင်ငံအတွင်း ခရီးသွားလာခြင်းကို ပိတ်ပင်မှုမှာ နိုင်ငံသားတို့၏ အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ထောက်ပြသည်။

“နိုင်ငံသားတစ်ဦးဟာ မြန်မာနိုင်ငံအတွင်းမှာ ဘယ်နေရာမှာမဆို သွားလာခွင့်ရှိတယ်၊ နေထိုင်ခွင့်ရှိတယ်ဆိုတာ ဥပဒေမှာပါပြီးသား။ အဲဒီမှာ ကျနော်တို့တိုင်းရင်းသားတွေကို ဟိုမသွားရ၊ ဒီမသွားရဆိုပြီး တားဆီးမှုတွေဟာ လူ့အခွင့်ရေးချိုးဖောက်မှု၊ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုဖြစ်တယ် ” ဟု ဦးလှသိန်းအောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ သြဂုတ်လ ၂၄ ရက်နေ့ကလည်း ရှမ်းပြည်နယ် ကျိုင်းတုံသို့သွားသည့် ရခိုင်တိုင်းရင်းသား ၅၁ ဦးကို ကွန်ဟိန်းမြို့နယ် တာကော်တံတားအနီးရှိ ရဲကင်းစခန်းတစ်ခုက တားမြစ်ကာ နေရပ်ပြန်ခိုင်းခဲ့သည်။

ဗီဒီယိုများ