အင်အား ၆၀ ခန့်ပါဝင်သည့် မြန်မာစစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအချို့တွင် လှည့်လည်သွားလာနေ၍ ဒေသခံများစိုးရိမ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စပါးထားနှင့် အောင်ဇေယျကျေးရွာတို့တွင် ယနေ့(ဧပြီ ၂၆ ရက်)နေ့လယ် ၂ နာရီကျော်က အင်အား ၆၀ ခန့်ပါဝင်သည့်စစ်သားများသည် ကျေးရွာများအတွင်း လှည့်လည်သွားလာနေကြသည်ဟု ဒေသခံများကပြောသည်။

26 Apr 2022

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဇေယျကျေးရွာ ဆိပ်ခံတံတားအား မြင်တွေ့ရပုံ။

DMG ၊ ဧပြီ ၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စပါးထားနှင့် အောင်ဇေယျကျေးရွာတို့တွင် ယနေ့(ဧပြီ ၂၆ ရက်)နေ့လယ် ၂ နာရီကျော်က အင်အား ၆၀ ခန့်ပါဝင်သည့်စစ်သားများသည် ကျေးရွာများအတွင်း လှည့်လည်သွားလာနေကြသည်ဟု ဒေသခံများကပြောသည်။

စပါးထားကျေးရွာတွင် ရက္ခိုင့်တပ်တော်(AA)မှ တပ်ဖွဲ့ဝင်တစ်ချို့ရှိသည်ဟု သံသယဖြင့် အဆိုပါစစ်သားများမှာ အောင်ဇေယျကျေးရွာကိုဖြတ်ကာ တစ်ရွာဝင်၊တစ်ရွာထွက်သွားလာနေခြင်း ဖြစ်သည်ဟုကြားသိရကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် စပါးထားကျေးရွာသားတစ်ဦးက DMG ကိုပြောသည်။

“စစ်သား ၅၇ ယောက်ပါတယ်။ သူတို့က စစ်တွေ ရွှေမင်းဂံဘက်ကနေလာတာပါ။ အောင်ဇေယျကျေးရွာကို ပထမဆုံးဝင်တယ် အဲဒီမှာ ခဏနားနေခဲ့တယ်။ အခုတော့ စပါးထားကျေးရွာကိုဝင်လာနေပြီ။ ကျနော်တို့ရွာမှာ အေအေကကောင်လေးတွေရှိတယ်လို့ဆိုပြီး ဝင်လာတယ်လို့တော့သိရတယ်။ စစ်သားတွေ ဘာလုပ်မလဲဆိုတာတော့ ကျနော်တို့လည်းမသိဘူး။ စစ်ဆေးမေးမြန်းတာတွေတော့ မရှိသေးဘူး။ ကျနော်တို့ကတော့ စစ်သားတွေလာတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ်စိုးရိမ်ပါတယ်“ဟု ဆိုသည်။

ယင်းသို့စစ်သားများ လှည့်လည်သွားလာနေသည့်အတွက် ကျေးရွာသားများမှာ စိုးရိမ်ကြောက်လန့်နေကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူငယ်လူလတ်ပိုင်းတချို့မှာလည်း တိမ်းရှောင်နေကြသည်ဟု အမည်မဖော်လိုသည့် နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“စစ်သားတွေ ကျနော့်အိမ်နားကိုလည်းရောက်လာခဲ့တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကိုသွားတော့ အုပ်ချုပ်ရေးမှူးလည်းမရှိဘူး။ ဘာလုပ်ဖို့အတွက် ကျေးရွာကိုဝင်လာတယ်ဆိုတာတော့ ကျနော်တို့လည်းမသိဘူး“ဟု ၎င်းကဆိုသည်။

စပါးထားကျေးရွာမှ မဌေးဌေးကလည်း ကျေးရွာအတွင်းရှိသည့် ယောကျာ်းသားအများစုမှာတိမ်းရှောင်နေကြပြီး အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုပိုင်းသာ ကျေးရွာအတွင်းကျန်ရှိတော့ကြောင်း ပြောသည်။

လက်ရှိအချိန်ထိ စစ်သားများမှာ စပါးထားကျေးရွာအတွင်းရှိနေသေးသည်ဟု ဒေသခံများထံမှသိရသည်။ စပါးထားကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်တန့်နေသည်မှာ တစ်နှစ်ကျော်အထိကြာမြင့်နေပြီဖြစ်သည်။

နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများငြိမ်သက်နေချိန်တွင် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက ရခိုင်ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက်သွားလာနေခြင်းမှာ ၎င်းတို့အတွက်အကျိုးမရှိပဲ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သည်ဟု နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းကပြောသည်။

“ဒေသခံတွေမှာ အရင်တုန်းကလိုပဲ စိုးရိမ်စိတ်တွေမပျောက်ကြသေးဘူး။ စစ်ကောင်စီတပ်သားတွေ ကျေးရွာအတွင်းဝင်ရောက်တယ်ဆိုရင် တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြတယ်။ ဒီလိုပဲ ကျေးရွာအတွင်းသွားလာလှုပ်ရှား ဖမ်းဆီးစစ်ဆေး အဲဒီလိုမျိုးတွေတော့ မလုပ်သင့်ဘူး။ သူတို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရကော ဘာတစ်ခုမှခရီးမရောက်ဘူး။ အကျိုးမဖြစ်ထွန်းဘူးပေါ့“ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်ကိုသိရှိနိုင်ရန် ပြည်နယ်စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရထံ DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

AA က ရခိုင်တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကိုတည်ဆောက်လျက်ရှိရာ စစ်ကောင်စီဘက်မှ အနှောက်အယှက်ပေးလာနေသောကြောင့် သည်းမခံနိုင်သည့်အနေအထားရှိလာလျှင် တိုက်ပွဲဆက်တိုက်ဖြစ်လာနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧပြီ ၅ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဧပြီလ ၂၂ ရက်နေ့တွင် ဖိတ်ခေါ်ထားသေးသည်။

ဗီဒီယိုများ