ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ကုန်နှင့်သစ်များ တင်ပို့သည့် မော်တော်ဘုတ် ၆ စီးဖမ်းမိပြီး လှေသမား သုံးဦးထံမှ ကိုဗစ်ပိုးတွေ့ရှိ

ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ကုန်နှင့်သစ်များ တင်ပို့သည့် မော်တော်ဘုတ် ၆ စီးဖမ်းမိထားပြီး စက်လှေလုပ်သား ၃ ဦးထံမှ ကိုဗစ်ပိုးတွေ့ထားရှိကြောင်း သက်ဆိုင်ရာဌာနတို့မှ သိရသည်။

By ကျော်မျိုးအောင် 23 Oct 2020

ကျော်မျိုးအောင်၊ DMG
အောက်တိုဘာ ၂၃၊ မောင်တော

ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ကုန်နှင့်သစ်များ တင်ပို့သည့် မော်တော်ဘုတ် ၆ စီးဖမ်းမိထားပြီး စက်လှေလုပ်သား ၃ ဦးထံမှ ကိုဗစ်ပိုးတွေ့ထားရှိကြောင်း သက်ဆိုင်ရာဌာနတို့မှ သိရသည်။

ထိုသို့ တရားမဝင်တင်ပို့သည့် မော်တော်ဘုတ် ၆ စီအား အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မောင်တောမြို့နယ် နတ်မြစ်ဝ ၌ (POE) အမှတ်(၁) နယ်ခြားစောင့် ဝင်/ထွက် တပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မော်တော်ဘုတ်တို့မှာ သစ်တန်ချိန် (၁၁)တန်ခန့် ပါဝင်သည် မော်တော်ဘုတ် ၁ စီး၊ ငါးခြောက် ပိဿ ၄၀ခန့်ပါသော အိတ် ၁၁၅၀ အိတ် တင်ဆောင်လာသည့် မော်တော်ဘုတ် ၁ စီး တို့ဖြစ်ကြောင်း မောင်တော်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထို့အပြင် ကြက်သွန်နီ ပိဿာ ၂၀ ခန့်ဆန့်သော အိတ်ပေါင်း ၁၀၀၀ ကျော် တင်ဆောင်လာသည့် မောင်တော်ဘုတ် ၃ စီး နှင့် ကုန်ပစ္စည်းမျိုးစုံပါဝင်သော မော်တော်ဘုတ် ၁ စီးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ မော်‌တော်ဘုတ် ၆စီးမှ လူ ၃၇ ဦးကို ဖမ်းဆီးထားပြီး  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က) ဖြင့် မကျည်းချောင်း၊ ပြင်ဖြူ နှင့် အလယ်သံကျော် နယ်ခြားစောင့်စခန်း တို့က အမှုဖွင့်ကာ ချုပ်ရမန်အသီးသီးယူထားကြောင်း မောင်တောမြို့နယ်တရားရုံးမှ သိရသည်။

အဆိုပါ အမှုဖွင့်ခံထားရသူများထဲမှ ၁၅ ဦးအား ကိုဗစ် - ၁၉ ရှိ၊မရှိ ကို Rapid Test Kit ဖြင့် စစ်ဆေးရာတွင် ၃ ဦး၌ Positive တွေ့ရှိပြီး ကျန်ရှိသူ ၂၂ ဦးကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံ က ဆိုသည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း၌ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို အစိုးက ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီးနောက် တစ်ဖက်နိုင်ငံတွင် ကုန်စည်လိုအပ်မှု များပြားလာသဖြင့် တရားမဝင်တင်ပို့မှုတို့ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ကုန်သည်များက ဆိုကြသည်။

ဗီဒီယိုများ