ညီနောင်မဟာမိတ် ၃ ဖွဲ့မှ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရန် တပ်မတော်ကို ကမ်းလှမ်း

ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့က နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် တပ်မတော် အားကမ်းလှမ်းသည့် ကြေငြာချက်တစ်စောင်ကို ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

By အောင်ထိန် 02 Jun 2020

အောင်ထိန် ၊ ခင်သရဖီဦး | DMG
ဇွန် ၂ ၊ စစ်တွေ

ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့က နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် တပ်မတော် အားကမ်းလှမ်းသည့် ကြေငြာချက်တစ်စောင်ကို ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်တွေ့ကျသည့် ငြိမ်းချမ်းရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် မြန်မာ့တပ်မတော်နှင့် နှစ်ဦးနှစ်ဖက် တစ်ပြိုင်နက်တည်း အပစ်ရပ်စဲရေးအား အတူတကွ ပူးတွဲကြေညာရန် စိတ်ရင်းစေတနာအမှန်ဖြင့် ကမ်းလှမ်းခြင်းဖြစ်ကြောင်း ၎င်းတို့ ၃ ဖွဲ့က ဆိုသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ သုံးလတာအချိန် ကာလအား ဆဋ္ဌမအကြိမ်မြောက်အဖြစ် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်းလည်း ၎င်းတို့၏ ကြေငြာချက်တွင် ပါရှိသည်။

ယင်းသို့ တစ်ဖက်သတ် အပစ်ရပ်ကာလအတွင်း တပ်မတော်မှ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိဘဲ ယခင်နည်းတူ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေမည်ဆိုလျှင် မိမိကိုယ်ကို ခုခံသောအနေဖြင့် တုန့်ပြန် ကာကွယ်သွားမည်ဖြစ်ကြောင်းလည်း ညီနောင်မဟာမိတ် (၃)ဖွဲ့ကဆိုသည်။

တပ်မတော်မှလည်း မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနိုင်ရေးအတွက် မေလ (၁၀)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားမည်ဖြစ်ကြောင်း ထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မပါဝင်သဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

မြန်မာအစိုးရ၏ အုပ်ချုပ်ရေးယန္တရားများနှင့် အစိုးရလက်နက်ကိုင်တပ်ဖွဲ့များအားလုံး ရခိုင်ပြည်နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာသွားရန် သတိပေးထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်စောင်ကို မေလ ၂၉ ရက်နေ့တွင် AA က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အကြမ်းဖက် လုပ်ရပ်များနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် သောင်းကျန်းသူနှိမ်နှင်းရေး စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မေလ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုကဲ့သို့ နှစ်ဖက်တင်းမာမှုများ ရှိနေခြင်းကြောင့် တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ပိုမိုပြင်းထန်လာကာ ငြိမ်းချမ်းရေးလမ်းစ ပျောက်သွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

“တပ်ကလည်း အကြမ်းဖက်ဖွဲ့အဖြစ် ကြေညာထားတဲ့ AA ကို တခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အတူတူမထားနိုင်ဘူးလို့ ပြောထားတယ်။ အရင်တုန်းကတော့ သောင်းကျန်းသူနှိမ်နှင်းရေး စစ်ဆင်ရေးတွေ လုပ်နေတယ်။ အခုချိန်မှာတော့ အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်းရေးလို့သုံးတယ်။ တပ်မတော်ဖက်က ကြည်း၊ ရေ ၊ လေ အင်အားလည်း အပြည့်သုံးပြီးတော့ တိုက်နေတယ် အဲဒါကတစ်ပိုင်းပေါ့။ အဲဒီလို မဆွေးနွေးတဲ့အခါမှာ တပ်နေရာချထားရေးတို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်းက အဝေးကြီးရောက်သွားတဲ့အတွက်ကြောင့်မို့ အပစ်ခတ် ရပ်စဲရေးဆိုတာကတော့ လောလောဆယ်မှာ ဖြစ်နိုင်ဖို့ ခဲယဉ်းပါတယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များမှာ ရခိုင်ပြည်နယ်တွင် လူဦးရေ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လူဦးရေ ကိုးထောင့် လေးရာကျော်ရှိကြောင်း အရပ်ဖက်အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ဘေးရှောင်များမှာ အခက်အခဲမြောက်များစွာ ကြုံတွေ့နေကြရသဖြင့် တိုက်ပွဲများရပ်တန့်စေလိုကြောင်း ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ဦးကျော်လှစိန်က ပြောသည်။

“ကျနော်တို့ တောင်းဆိုချင်တာက နှစ်ဖက်စလုံး အေးချမ်းသွားရင်တော့ သိပ်ကောင်းမှာပဲလို့။ ကျနော်တို့က အမြဲတမ်း ဆုတောင်းနေပါတယ်” ဟု ဦးကျော်လှစိန်က ဆိုသည်။

လက်ရှိမှာ နှစ်ဖက်အဖွဲ့အစည်းမှ တွေ့ဆုံဆွေးနွေးရန် နေရာရွေးနေမှုများရှိသဖြင့် ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်ဖြစ်အောင် အချိန်ဆွဲနေသလားဟု ပြည်သူများဝေဖန်မှုဖြစ်စေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုသည်။

“သူတို့ တွေ့ဆုံညှိနှိုင်းမှုမလုပ်တာ တော်တော်ကြာသွားပြီ၊ သူတို့တွေ့ဆုံမှုကတော့ နေရာရွေးနေတာကိုလည်း တွေ့တယ်။ ဒါကိုစဉ်စားကြည့်တဲ့အခါ သူတို့က ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်ဖြစ်အောင် တမင်သက်သက် အချိန်ကိုဆွဲနေသလားလို့ ပြည်သူတွေရဲ့ထင်မြင်မှုတွေ ဝေဖန်မှုတွေလည်း ရှိနေတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် အရပ်သားထိခိုက် သေဆုံးမှုများမှာ နေ့စဉ်နှင့်အမျှ တိုးလာနေသည်။

နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန်၊ အစိုးရ၊ တပ်မတော်နှင့် ၎င်းတို့အဖွဲ့အစည်းများအကြားတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို လက်တွေ့ကျကျ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် တိုက်ပွဲများ လုံးဝမဖြစ်ပွားစေဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးနိုင်ရန်အတွက် တစ်ဖက်သတ် အပစ်ရပ်ကြေငြာခြင်းဖြစ်ကြောင်း မဟာမိတ် ၃ ဖွဲ့၏ အပစ်ရပ် ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တပ်မတော်နှင့် ၎င်းတို့အဖွဲ့အစည်းများအကြား နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို အမှန်တကယ် ဆောင်ရွက်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းသွားစေရန်နှင့် Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အထောက် အကူပြုရန်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဗီဒီယိုများ