ဘူးသီးတောင် ၃၁ ဘုံအနီး ဖမ်းဆီးခံရသူနှစ်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သုံးဆယ့်တစ်ပုံစေတီအနီးမှာ ဖမ်းဆီးခံခဲ့ရသည့် မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာသားနှစ်ဦးကို အကြမ်ဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်လှစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။

By ချလူးအောင် 24 Dec 2019

(ဓာတ်ပုံ - ဦးအောင်သောင်းရွှေ / Facebook)

ချလူးအောင် | DMG
ဒီဇင်ဘာ ၂၄ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သုံးဆယ့်တစ်ပုံစေတီအနီးမှာ ဖမ်းဆီးခံခဲ့ရသည့် မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာသားနှစ်ဦးကို အကြမ်ဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်လှစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ ချုပ်ရမန်ယူခဲ့ကြောင်း သိရသည်။

ဦးခင်မောင်လှနှင့် ဦးကျော်နိုင်တို့နှစ်ဦးကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာရှိ ၃၁ ဘုံစေတီအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

၎င်းတို့နှစ်ဦးကို ချုပ်ရမန်ယူခဲ့သော်လည်း မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း ဖမ်းဆီးခံထားရသူ ဦးခင်မောင်လှ၏ ဇနီး ဒေါ်သန္တာလှိုင်က ပြောသည်။

“ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူပါတယ်။ မိသားနဲ့တွေ့ခွင့်မပေးပါ။ သူတို့ကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(က)၅၂(က)နဲ့ အမူဖွင့်ထားတယ်လို့ သိရပါတယ်” ဟု ၎င်းကဆိုသည်။

၎င်းတို့နှစ်ဦးသည် ရသေ့တောင်မြို့နယ်တွင် ပညာသင်ကြားနေသည့် ဦးခင်မောင်လှ၏ သမီးဖြစ်သူနှင့် တွေ့ဆုံရန်သွားရောက်စဉ် တပ်မတော်စစ်ကြောင်းနှင့်တွေ့ကာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“သူတို့က သမီးဆီကို ပိုက်ဆံသွားပို့တာ။ အဲဒီမှာ အေအေဆိုပြီးတော့ ဖမ်းသွားတယ်လို့ လိုင်းပေါ်မှာတွေ့တယ်။ ဖမ်းသွားတဲ့နေ့ကတည်းကသိတာ။ အခုတော့ ဘာမှမလုပ်ရသေးဘူး။ အထက်ကိုတင်ပြဖို့ လုပ်နေပါတယ်” ဟု ဒေါ်သန္ဒာလှိုင်က ပြောသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ယင်းသို့ဖမ်းဆီးခံရသူ နှစ်ဦးမှာ အရပ်သားများဖြစ်သည်ကို သက်ဆိုင်ရာသို့ စာတင်ပြရန်ဆောင်ရွက်နေကြောင်း ဆိုသည်။

“သူတို့က သာမန်အရပ်သားတွေပါ။ မောင်တောမြို့ ဖားဝပ်ချောင်းကျေးရွာမှာ နေထိုင်သူတွေဖြစ်တယ်လို့ သူတို့မိသားစုဝင်တွေက ဖုန်းဆက်လာတယ်။ မဖြစ်သင့်တာတွေမဖြစ်ရအောင် သက်ဆိုင်ရာကို စာတင်ဖို့ ဆောင်ရွက်ထားပါတယ်” ဟု ဦးအောင်သောင်းရွှေက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်ပြီး သံသယဖြင့် တရားစွဲဆိုခံထားရသူ ၅၀၀ ကျော်အထိရှိကြောင်း သိရသည်။

Related Post : ဘူးသီးတောင်တွင် ဒေသခံနှစ်ဦး ဖမ်းဆီးခံရဟု မိသားစုပြော

ဗီဒီယိုများ