ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာအနီးတွင် ယနေ့(အောက်တိုဘာ ၉ ရက်) နေ့လည်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 09 Oct 2020

နှင်းနွယ် | DMG
အောက်တိုဘာ ၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာအနီးတွင် ယနေ့(အောက်တိုဘာ ၉ ရက်) နေ့လည်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဗန်းဗွီးကျေးရွာမှ အမျိုးသား(၂)နှစ်ဦးနှင့် အမျိုးသမီး(၄)ဦးတို့သည် ကျေးရွာနှင့်တစ်မိုင်ကျော်ခန့်ဝေးသည့် တောင်သို့ ဖျံဥတူးရန်သွားစဉ် ယင်းသို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ များကပြောသည်။

ထိုပေါက်ကွဲမှုကြောင့် မစန်းစန်းအေး (၁၉)နှစ်သေဆုံးသွားခဲ့ပြီး မထွေး(၂၅)နှစ်နှင့် မလှပြည့်မ(၂၂)နှစ်တို့မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိသွားသည်ဟု သေဆုံးသူ၏မိသားစုဝင်ဖြစ်သည့် အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက ပြောသည်။

“သူတို့တစ်စုက မနက်ထမင်းစားပြီးတာနဲ့ ဖျံဥတူးမယ်ဆိုပြီးထွက်သွားကြတာ။ သွားနေတဲ့အချိန်မှာပဲ မိုင်းထ ပေါက်တာ။ တစ်ယောက်ကတော့ခြေထောက်ပိုင်းသွားတယ်။ နောက်နှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ သူတို့သုံးယောက်ကို ဆေးရုံကိုထမ်းယူလာတဲ့အချိန်မှာပဲ ခြေထောက်ပြတ်သွားတဲ့တစ်ယောက်က သွေးထွက် လွန်ပြီး လမ်းမှာဆုံးသွားတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းအား ကျေးရွာအပြင်ဘက်၌ထားရှိပြီး ဒဏ်ရာရရှိသူနှစ်ဦးကိုမူ ဆေးကုသမှုခံယူရန် ယိုးတရုတ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ယခုမိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတဝိုက်တွင် ယခင်ကလည်း မကြာခဏ မိုင်းပေါက်ကွဲမှုများဖြစ်ပွားမှုများရှိခဲ့ကြောင်း ပြောသည်။

“အဲဒီနေရာမှာ မိုင်းမကြာမကြာပေါက်ကွဲတာရှိတယ်။ အဲဒီအနီးအနားကရွာတွေဖြစ်တဲ့ ကံသစ်ရွာတို့၊ ဗုဒေါ္ဓရွာတွေ မှာလည်း အရင်က မကြာခဏမိုင်းပေါက်ကွဲတာတွေရှိတယ်” ဟု ဦးခင်မောင်လတ်က ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်တင်ဘာလ ၅ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ဗုဒေါ္ဓကျေးရွာမှ မျှစ်ချိုးသွားသည့် အသက်(၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့်မေလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကံသစ်ကျေးရွာမှ ဒေသခံနှစ်ဦးမှာလည်း တောင်ပေါ်သို့ထင်းခုတ်သွားစဉ် မိုင်းနင်းမိခဲ့သဖြင့် နှစ်ဦးလုံး ခြေထောက်ပြတ်ထွက်သည်အထိ ဒဏ်ရာ ပြင်းထန်စွာရရှိသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်ခန့်ကြာမြင့်လာသည်နှင့် အမျှ တိုက်ပွဲအကျိုးဆက်ဖြစ်သည့် မိုင်းအန္တရာယ်ကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုမှာ မြင့်တက်လျက် ရှိနေသည်။

ဗီဒီယိုများ