ကိုဗစ်ကာလတွင် စီးပွားရေးကျဆင်းမှုများရှိဟု ရခိုင်စီးပွားရေးလုပ်ငန်းရှင်များပြော

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကုန်စည်စီးဆင်းမှုနည်းပါးလာခြင်းနှင့် အရောင်းအဝယ် နည်းပါးလာခြင်းတို့ကြောင့် ရခိုင်ပြည်နယ်၏စီးပွားရေးမှာ ထိခိုက်ကျဆင်းမှုများရှိနေကြောင်း ရခိုင်စီးပွားရေး လုပ်ငန်းရှင်များက ဆိုကြသည်။

By ဝင်းညွန့် 31 Jul 2020

ဝင်းညွန့် | DMG
ဇူလိုင် ၃၁ ၊ စစ်တွေ

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကုန်စည်စီးဆင်းမှုနည်းပါးလာခြင်းနှင့် အရောင်းအဝယ် နည်းပါးလာခြင်းတို့ကြောင့် ရခိုင်ပြည်နယ်၏စီးပွားရေးမှာ ထိခိုက်ကျဆင်းမှုများရှိနေကြောင်း ရခိုင်စီးပွားရေး လုပ်ငန်းရှင်များက ဆိုကြသည်။

ရခိုင်ပြည်နယ်မှ အဓိကထုတ်လုပ်ရောင်းချနေသည့် ဆန်းစပါးရောင်းဝယ်ရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အခြား စီးပွားရေးလုပ်ငန်းများမှာ ကိုဗစ်ကာလအတွင်း ၅၀ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကြောင်း ရခိုင်စီးပွားရေး ဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ(REIC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက သုံးသပ်ပြောဆိုသည်။

“ကုန်စည်စီးဆင်းမှု၊ ရောင်းဝယ်မှုပေါ့နော်၊ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက်လောက်တော့ လျှော့နည်း သွားတယ်”ဟု ဦးခင်မောင်ကြီးက ဆိုသည်။

လက်ရှိမှာ COVID-19 ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို အကန့်အသတ်မရှိယာယီပိတ်ထားရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုတ်တရက်ရပ်နားလိုက်ရသည့်အတွက် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မှာယူ ထားသည့်ပစ္စည်းများ သောင်တင်နေပြီး ပျက်စီးမှုများရှိနေကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကဆိုသည်။

“ကျွန်တော်တို့ ချက်ချင်း ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် အခက်အခဲတော့ရှိတယ်။ ဟိုဖက်က ကုန်သည်တွေက မှာထားတော့ ကျွန်တော်တို့ ဝယ်ထားတာတွေရှိပါတယ်။ အဲဒါတွေထဲမှာ စားသုံးကုန်တွေရှိတော့ ပုတ်သိုးလွယ်တဲ့ ကုန်တွေများတယ်” ဟု ၎င်းကဆိုသည်။

ကိုဗစ်ကာလအတွင်း ဈေးဝယ်သူများ နည်းပါးနေခြင်းကြောင့်လည်း ဈေးရောင်းချသူများ အရှုံးနှင့်ရင်ဆိုင် နေကြရကြောင်း စစ်တွေမြို့မှ ဈေးသည်များထံမှသိရသည်။

“မရောင်းရတော့ စားဝတ်နေရေးအဆင်မပြေဘူး။ ဝယ်တာအကုန်ရှုံးတယ်။ လူမရောက်လို့ မရောင်းရလို့ ရှုံးတာလေ” ဟု စစ်တွေမြို့မဈေးမှ ဈေးရောင်းချနေသူ ကိုထွန်းအေးမောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင် ၃၀ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း(၁၆)ဦးရှိနေပြီး ပြန်လည် ကောင်းမွန်၍ ဆေးရုံးမှဆင်းခွင့်ရသူ ၈ ဦးရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ လက်ရှိအချိန်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်လည်း စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုရှိခဲ့သည်။

ဗီဒီယိုများ