နယ်စပ်ခြံစည်းရိုးပြုပြင်စဉ် မိုင်းနင်းမိ၍ အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပြိုနယ်စပ် မိုင်တိုင်အမှတ် ၃၆/၃၇ ကြား၌ နယ်စပ် ခြံစည်းရိုးပြုပြင်ရန်ဆောင်ရွက်နေစဉ် မိုင်းနင်းမိသဖြင့် အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

By ကျော်မျိုးအောင် 23 Feb 2021

ကျော်မျိုးအောင် | DMG
ဖေဖေါ်ဝါရီ ၂၃ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပြိုနယ်စပ် မိုင်တိုင်အမှတ် ၃၆/၃၇ ကြား၌ နယ်စပ် ခြံစည်းရိုးပြုပြင်ရန်ဆောင်ရွက်နေစဉ် မိုင်းနင်းမိသဖြင့် အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၈ နာရီခန့်က နယ်စပ်ခြံစည်းရိုးပြုပြင်နေသည့်အဖွဲ့မှ ခြုံနွယ်များကို ရှင်းလင်းစဉ် ယင်းသို့ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်က “မနေ့က နယ်စပ်ခြံစည်းရိုးပြုပြင်တဲ့ အဖွဲ့က ခြုံနွယ်တွေကိုရှင်းကြတာ။ အလုပ်သမားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာပြင်းတယ်လို့ သိရတယ်” ဟု ပြောသည်။

ယင်းသို့ မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သူမှာ ဘူးသီးတောင်မြို့နယ် ပန်းကုံးမကျေးရွာမှ ကိုမောင်ထွန်း ၁၈ နှစ် ဖြစ်ပြီး နယ်စပ်ခြံစည်းရိုးပြုပြင်ရာ၌ ဝင်ရောက်လုပ်ကိုင်နေသူဖြစ်သည်။

မီးတိုက်ကျေးရွာမှ ကျန်းမာရေးလုပ်သား ဦးရွှေမောင်က “မိုင်းထိတာ ၂ ဦးပါ။ တစ်ဦးက ဘူးသီးတောင်မြို့ကပါ။ သူကဒဏ်ရာပြင်းတယ်။ နောက်တစ်ယောက်က မီးတိုက်ကျေးရွာက မောင်ထွန်ဖြူ ၂၂ နှစ်ပါ။ သူကတော့ ဒဏ်ရာအနည်းငယ်သာရရှိတယ်” ဟု ဆိုသည်။

ဒဏ်ရာပြင်းထန်သူ ကိုမောင်ထွန်းကို ယနေ့ နံနက်ပိုင်းတွင်ပင် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း မောင်တောမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံထံမှ သိရသည်။

ဗီဒီယိုများ