နယ်စပ်မှတဆင့် ရခိုင်သို့ ကိုဗစ်ရောဂါကူးစက်မှုမရှိစေရေး ဆောင်ရွက်နေ

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများနှင့် ဆက်သွယ်နေသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အနေဖြင့် ကြီးကြပ်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။

30 Apr 2021

ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ရောက်ရှိလာသည့် ကုန်တင်စက်လှေတစ်စင်းကို ပိုးသတ်ဆေးဖျန်းနေစဉ် (ဓာတ်ပုံ-Rakhine Fire Force)

DMG ၊ ဧပြီ ၃၀

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများနှင့် ဆက်သွယ်နေသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အနေဖြင့် ကြီးကြပ်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများနှင့် ကုန်စည်များကို အဓိကထားတင်ပို့ကာ ဆက်သွယ်သွားလာနေရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးလှသိန်းက “ ဘယ်သင်္ဘောမှာ သင်္ဘောသား ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို မှတ်တမ်းတွေယူထားတယ်။ ဒီလူတွေကို ဓါတ်ပုံတွေလည်း ယူထားတယ်။ ယူထားပြီးတော့ အဲလူတွေကို ဆိပ်ကမ်းကို ရောက်တာနဲ့ အဲဒီသင်္ဘောသား တွေကို မြို့ထဲကို လုံးဝအဝင်မပေးဘူး။ ကမ်းပေါ်တက်ပြီးရင် သူတို့နားနေဆောင် လုပ်ပေးထားတယ်။ အဲဒီနားနေဆောင်တွေမှာလည်း တားမြစ်ထားတဲ့နေရာ သတ်မှတ်ထားပြီးတော့ တံခါးတွေပိတ်ထားတယ်။ အဲဒီသင်္ဘောသားတွေကို စောင့်ကြပ်ပြီးတော့ ကိုဗစ်စစ်ဆေးမှုတွေ လုပ်တာတွေရှိပါတယ်။ အဲဒီသင်္ဘောသားတွေနဲ့ ထိတွေ့ရတဲ့ စစ်ဆေးရတဲ့သူတွေကို PPE နံပါတ်(၂) အဆင့် ဝတ်ပြီးတော့မှ စစ်ဆေးခိုင်းပါတယ်။ အဲဒါက မောင်တောဒေသမှာ ဆောင်ရွက်ထားတာပေါ့” ဟု ပြောသည်။

ယင်းအပြင် စစ်တွေ၊ မင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းတွင်လည်း ထိုနည်းတူ ရဲတပ်ဖွဲ့ဝင်များ၊ ဘော်လန်ဒီယာများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ပူးပေါင်းပြီး ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်ထားသည်ဟု ဦးလှသိန်းက ပြောသည်။

“စစ်တွေ၊ မင်းဂံ နယ်စပ်ကုန်သွယ်ရေးမှာလည်း စည်းကမ်းတွေ စနစ်တကျဖြစ်ဖို့အတွက် ကျနော်တို့ ရဲတပ်ဖွဲ့အကူအညီတွေ ယူထားပါတယ်။ ကိုဗစ် ကျနော်တို့ဆီကို မရောက်လာဖို့အတွက် လက်ရှိမှာ ကြီးကြပ်ပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ဦးလှသိန်းက ပြောသည်။

သင်္ဘောသားများအား ဆိပ်ကမ်း၏သတ်မှတ်ချက်များကို မကျော်လွန်နိုင်အောင် ကြီးကြပ်ထားပြီး စည်းကမ်းများကို သင်္ဘောတစ်စီးက ဖောက်ဖျက်ပါက ပထမအကြိမ် တစ်လ ထွက်ခွင့်မပေးဘဲ ရပ်ဆိုင်းမည်ဟု ပြည်နယ်ကောင်စီမှ ညွှန်ကြားထားသည်။

ရခိုင်ပြည်တွင် လတ်တလောစစ်ဆေးသည့်အထဲ ကိုဗစ်ရောဂါပိုးရှိသူ လူနာသစ်တွေ့ရှိခြင်း မရှိသေးသလို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များမှာ လိုက်နာရန်အတွက် ပြည်သူများကို အသိပညာပေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ရခိုင်ပြည်နှင့် ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူများပြားလာသဖြင့် ယခုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ရခြင်းဖြစ်သည်။

ဗီဒီယိုများ