စစ်တွေမြို့မှ ဘော်ဒါဆောင်ပိုင်ရှင်တစ်ဦး ဘေး/စီမံဥပဒေဖြင့် အရေးယူခံရဖွယ်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ “မြင့်မြတ်မောင်”ဘော်ဒါဆောင်ပိုင်ရှင်အား ကိုဗစ်ကာလ အတွင်း ခွင့်ပြုချက်မရှိဘဲ ပညာသင်ကြားသည်ဟုဆိုကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ ခံရဖွယ်ရှိနေသည်။

26 Sep 2020

ခင်သရဖီဦး | DMG
စက်တင်ဘာလ ၂၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ “မြင့်မြတ်မောင်”ဘော်ဒါဆောင်ပိုင်ရှင်အား ကိုဗစ်ကာလ အတွင်း ခွင့်ပြုချက်မရှိဘဲ ပညာသင်ကြားသည်ဟုဆိုကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ ခံရဖွယ်ရှိနေသည်။

အဆိုပါ ဘော်ဒါဆောင်ပိုင်ရှင်ဖြစ်သူ ဦးမောင်မောင်သိန်းမှာ Covid-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အတွက်ညွှန်ကြားထားသည့် ညွှန်ကြားချက်အား လိုက်နာမှုမရှိဟုဆိုပြီး ၎င်းအားတရားစွဲဆိုရန်အတွက် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်ကော်မတီဥက္ကဋ္ဌ လက်မှတ်ရေးထိုးထားသည့် စာတစ်စောင်ကို Rakhine Covid19 Watch မှ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။

၎င်းစာအရ Covid-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘော်ဒါဆောင်များနှင့် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများအား ဖွင့်လှစ်ခွင့်မပြုကြောင်း အကြောင်းကြား ထားပြီးဖြစ်သော်လည်း “မြင့်မြတ်မောင်”ဘော်ဒါဆောင်မှာ ခွင့်ပြုချက်မရှိဘဲ ပညာသင်ကြားနေသဖြင့် ကျောင်းသူ ၅ ဦးနှင့် ဆရာမ ၁ ဦးတို့ Covid Positive ထွက်ရှိခဲ့သည်ဟု ဆိုသည်။

ယင်းကြောင့် “မြင့်မြတ်မောင်”ဘော်ဒါဆောင်ပိုင်ရှင်အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပေဒဖြင့် တရား စွဲဆိုရေး စီစဉ်ဆောင်ရွက်ရန် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး မြို့နယ်အဆင့်ကော်မတီ ဥက္ကဋ္ဌမှ တရားဥပဒေလေးစားလိုက်နာရေးနှင့် တရားစွဲဆိုရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌသို့ စက်တင်ဘာလ ၂၅ ရက် နေ့တွင် အကြောင်းကြားစာပေးပို့ထားသည်။

“မြင့်မြတ်မောင်”ဘော်ဒါဆောင်မှ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကျောင်းသူများမှာ ကျောက်တော်၊ ပလက်ဝ၊ ဘူးသီးတောင်မြို့နယ်များမှဖြစ်ကြကြောင်း ဘော်ဒါဆောင်ပိုင်ရှင် ဦးမောင်မောင်သိန်းက ဆိုသည်။

ကိုဗစ်ဒုတိယလိုင်းဖြစ်ပွားမှုကြောင့် ကျောင်းများပိတ်ရန်ညွှန်ကြားချိန်တွင် ၎င်းကျောင်းသားများမှာ မိမိနေရပ်သို့ ပြန်ရန်အဆင်မပြေသဖြင့် လက်ခံထားခဲ့ရခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

“သူတို့ကိုပို့ဖို့ အဆင်မပြေလိုက်တဲ့အတွက်ကြောင့် လက်ခံထားတာဖြစ်ပါတယ်၊ သူတို့မိဘတွေရဲ့ဆန္ဒတွေက စစ်ပွဲတွေကလည်း ဖြစ်နေတာကြောင့် ပြန်ဖို့ကျတော့ အဆင်မပြေလိုက်ဘူးပေါ့။ ဆိုတော့ မိဘတွေ တောင်းဆို ထားတာကြောင့် ကျနော်က သူတို့ကိုဆရာမတယောက်နဲ့ ကြည့်ခိုင်းထားတဲ့သဘောမျိုးပါ။ စာတော့မပြပါဘူး”ဟု ဦးမောင်မောင်သိန်းက ပြောသည်။

လက်ရှိတွင် ဦးမောင်မောင်သိန်းမှာ Quarantine ဝင်နေရပြီး ၎င်းအား တရားစွဲဆိုမည့်ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာဆက်သွယ်လာခြင်း မရှိသေးကြောင်း ဆက်ပြောသည်။

“ကျနော်ကိုတော့ အခုအချိန်အထိ အကြောင်းကြားတာတော့ မရှိသေးပါဘူး။ ကျနော်အနေနဲ့ကတော့ သူတို့ကို ကျောင်းပြနေတာလည်း မဟုတ်ဘူးပေါ့နော်၊ သူတို့လမ်းခရီးအဆင်မပြေလို့ ကျနော်တို့ ထိန်းထားတာ ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် တရားဥပဒေအတိုင်းတော့ ရင်ဆိုင်သွားမှာပါ ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် စက်တင်ဘာလ ၂၅ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၁၂၁၀ ဦးရှိပြီး ယင်းအထဲတွင် ဆေးရုံမှဆင်းခွင့်ရရှိသူ ၆၈၀ ဦးနှင့် သေဆုံးသူ ၃ ဦးရှိသည်။

ဗီဒီယိုများ