နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းထား၍ ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ဘင်္ဂလားဒေ့ရှ်ကိုပို့မည့် ကုန်ပစ္စည်းများ သောင်တင်နေ

ကိုဗစ်ရောဂါကြောင့် ရခိုင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ရန် ပြင်ဆင်ထားသည့် ငွေကျပ် သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများမှာ သောင်တင်နေကြောင်း စစ်တွေနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များက ပြောသည်။

By မျိုးသီရိကျော် 16 Dec 2020

မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၁၆ ၊ စစ်တွေ

ကိုဗစ်ရောဂါကြောင့် ရခိုင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ရန် ပြင်ဆင်ထားသည့် ငွေကျပ် သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများမှာ သောင်တင်နေကြောင်း စစ်တွေနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော (ကောင်းမှကောင်းတံဆိပ်ပါ) ဇီးယိုထုပ်မျိုးစုံ တန်ချိန် (၇၀၀) ကျော်၊ ပဲစေ့နှင့် အခြားကုန်ပစ္စည်း တန်ချိန် (၂၀) ကျော် ရှိနေပြီး တစ်ဖက်နိုင်ငံသို့ တစ်ကြိမ်ခန့်ပို့ဆောင်ခွင့်ရဖို့ လိုလားနေကြောင်း ငွေတင်းပြည့်ကုမ္ပဏီပိုင်ရှင် ဦးအောင်အောင်က ပြောသည်။

“ကုမ္ပဏီ ၄ ခုမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို တစ်ကြိမ်လောက် ပို့ခွင့်ရရင်လည်း ကျနော်တို့လုပ်ငန်းရှင်တွေ အနေနဲ့ ငွေဆုံးရှုံးမှုနည်းနည်းလောက် သက်သာသွားမယ်။ နောက်ထပ် ၂ လလောက်ဆိုရင် ပစ္စည်းတွေက အကုန်လုံး Date လွန်ပြီး ဆုံးရှုံးရတော့မယ်။ ဒီဖက်မှာလည်း အဲလိုမျိုး ဈေးကွက်မရှိဘူး။ ဘင်္ဂလားဒေ့ရှ်အတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ပစ္စည်း ဖြစ်နေလို့” ဟု ၎င်းကပြောသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ယာယီရပ်နားထားသည်မှာ ၅ လခန့်အထိ ကြာမြင့်နေပြီဖြစ်၍ ခင်ရတနာဖြိုးကုမ္ပဏီ (မာစီးတီးအုပ်စု)၊ အကောင်းဆုံးရွှေမျက်စိကုမ္ပဏီနှင့် ငွေတင်းပြည့်ကုမ္ပဏီလီမိတက် စသည့် ကုမ္ပဏီ (၄) ခုတွင် ရှိနေသည့် ကုန်ပစ္စည်းများမှာ ငွေကျပ်သိန်းတစ်သောင်းကျော် တန်ဖိုးရှိနေသည်။

နယ်စပ်ကုန်သွယ်ရေး ရပ်နားထားသော်လည်း ဝန်ထမ်းများကို လစာပုံမှန်ပေးနေရသည့်အတွက် အခက်အခဲရှိနေသည်ဟု မာစီးတီးကုမ္ပဏီပိုင်ရှင် ကိုညီချေက ပြောသည်။

“ကျနော်တို့ကလည်း ဂိုဒေါင်အတွင်းမှာ ကျန်ခဲ့တဲ့ လက်ကျန်ပစ္စည်းတွေကို တစ်ကြိမ်လောက် ပို့ခွင့်ရမယ်ဆိုရင် ကျေနပ်ပါတယ်။ အမြဲတမ်းဖွင့်နေဖို့ ပြောတာလည်းမဟုတ်ဘူး။ ရောဂါတွေ ကင်းရှင်းသွားတဲ့ အချိန်ကျမှ အမြဲတမ်းဖွင့်ပါ။ ဒီကာလမှာ တစ်ကြိမ်လောက်သာ သွားခွင့်ရမယ်ဆိုရင် ကိုဗစ်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ကျန်းမာရေးစည်းကမ်းချက်တွေဖြစ်ဖြစ် ကျနော်တို့လိုက်နာ ဆောင်ရွက်သွားမှာ” ဟု ၎င်းက တောင်းဆိုသည်။
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များမှာ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှတဆင့် သက်ဆိုင်ရာအစိုးရအဖွဲ့များထံသို့ ကုမ္ပဏီအတွင်းကျန်ရှိခဲ့သည့် ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်သို့ ပို့ဆောင်ခွင့်ရရန် တောင်းဆို‌ခဲ့ကြ‌သော်လည်း ကိုဗစ်ကြောင့် သွားလာခွင့်မပြုခဲ့ပေ။

“ကျနော်တို့ စာနဲ့တောင်းဆိုတာကတော့ ၃ ကြိမ် ရှိပြီ။ လုံးဝတော့ ဖွင့်ခွင့်မပေးသေးဘူး။ ဆက်လက်ပြီးတော့ စာတင်ထားပါတယ်။ ကျနော်တို့အနေနဲ့လည်း တောက်လျှောက် တွန်းအားပေးပြီး တောင်းဆိုနေပါတယ်။ ပစ္စည်း တန် ၁၀၀၀ လောက် ရှိတဲ့ သင်္ဘောတစ်စီးစာလောက်ပဲ ခွင့်ပြုပေးရင်လည်း အဆင်ပြေပါတယ်” ဟု ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို DMG မှ ဆက်သွယ်မေးမြန်းခဲ့‌သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ဇွန်လအတွင်းက ဘင်္ဂလားဒေ့ရှ်မှ စစ်တွေမြို့သို့ ရောက်ရှိလာသည့် နယ်စပ်ကုန်သွယ်ရေး ရေယာဉ်ပေါ်လိုက်ပါလာသူ တစ်ဦးထံတွင် Covid-19 ပိုးတွေ့ရှိခဲ့ပြီးနောက် ရခိုင်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို လက်ရှိအချိန်ထိ ယာယီရပ်နားလိုက်ခြင်းဖြစ်သည်။

ဗီဒီယိုများ