မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှု ၅၀ ရာခိုင်နှုန်းအောက်လျော့ကျမှသာ အခြေခံကျောင်းများကို ဖွင့်လှစ်မည်ဟုဆို

မြန်မာနိုင်ငံရှိ အခြေခံကျောင်းများကို ကိုဗစ်ကူးစက်မှု ၅၀ ရာခိုင်နှုန်းအောက်လျော့ကျမှသာ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြည်နယ်ကောင်စီ၏ သြဂုတ် ၂၁ရက်တွင် ပြောကြားချက်အရ သိရသည်။

21 Aug 2021

DMG ၊ ဩဂုတ် ၂၁

မြန်မာနိုင်ငံရှိ အခြေခံကျောင်းများကို ကိုဗစ်ကူးစက်မှု ၅၀ ရာခိုင်နှုန်းအောက်လျော့ကျမှသာ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြည်နယ်ကောင်စီ၏ သြဂုတ် ၂၁ရက်တွင် ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ကိုဗစ်တတိယလိူင်းကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန်ပြုလုပ်နေပြီး ၅၀ ရာခိုင်နှုန်းအောက် ရောဂါကူးစက်မှုနှုန်း လျော့ကျလာပါက အခြေခံကျောင်းများအပါအဝင် ဘကကျောင်းများကို ပြန်လည်ဖွင့်သွားမည်ဖြစ်ကြောင်း ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG သို့ ပြောသည်။

“အခုဆိုရင် ကျောင်းတွေပိတ်ထားတာ ၂ လနီးပါးလောက်ရှိပြီပေါ့နော်။ ပြည်ထောင်စုကတော့ ကိုဗစ်တတိယလိူင်းကို ၅၀ ရာခိုင်နှုန်းအောက်ထိ ကာကွယ်၊ ထိန်းချုပ်နိုင်ရင်တော့ ကျောင်းတွေဖွင့်လာနိုင်တယ်။ ထိန်းချုပ်နိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဇူလိုင်လ ၉ ရက်နေ့ကစ၍ ဇူလိုင်လ ၂၃ ရက်နေ့အထိ အခြေခံပညာရေးကျောင်းများအပါအဝင် ဘကကျောင်းများ အားလုံး ပိတ်သိမ်းရမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ မေလ တတိယပတ်မှစ၍ မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုရှိနေသောကြောင့်  COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်ကာကွယ်၊ တားဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်း ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းနှင့်  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ၂၀၂၁ခုနှစ် ဇူလိုင် ၉ ရက်နေ့မှ ဇူလိုင်လိုင် ၂၃ ရက်နေ့အထိ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထပ်မံ၍ အစိုးရရုံးပိတ်ရက်ရှည်အဖြစ် ယင်းရက်များကြားတွင် စစ်ကောင်စီ(ဗဟို)က ဆက်လက်ထုတ်ပြန်ခဲ့ပြီး ယခုနောက်ဆုံးအကြိမ်အဖြစ် သြဂုတ် ၁၆ ရက်နေ့မှ သြဂုတ် ၂၃ ရက်နေ့အထိ အစိုးရရုံးပိတ်ရက်များအဖြစ် ထပ်မံထုတ်ပြန်ထားသည်။

ကိုဗစ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံကျောင်းများအားပိတ်ထားသော်လည်း လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ရောဂါပြန့်ပွားမှုလျှော့ကျလာသဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဆိုလျင် အဆင်သင့်ဖြစ်စေရန် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်နေကြောင်း ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောကြားသည်။

ဗီဒီယိုများ