ချင်းပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထု စိုက်ထူမည်ကို ချင်းလူငယ်များကန့်ကွက်

“တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလိုအပ်ချက်တွေကို အကောင်အထည်မဖော်ပဲ ဗိုလ်ချုပ်ကြေးရုပ်ကို အတင်းအဓမ္မ အကောင်အထည်ဖော်ဆောင်ရင် ချင်းတိုင်းရင်းသားနဲ့ ဗမာတိုင်းရင်းသားကြား မလိုအပ်တဲ့ အမုန်းတရားတွေဖြစ်ပေါ်လာနိုင်တယ်” ဟု ချင်းလူငယ်ကွန်ရက်က ဆိုသည်။

By မြတ်ဝင်းကျော် 16 Sep 2019

မန္တလေးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် ရုပ်တုဖွင့်ပွဲအခမ်းအနား / ဓာတ်ပုံ - MOI

မြတ်ဝင်းကျော် | DMG
စက်တင်ဘာ ၁၆ ၊ ရန်ကုန်

ချင်းပြည်နယ် ဟားခါးမြို့၌  ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုစိုက်ထူမည်ကို ချင်းလူငယ်ကွန်ရက်မှ ကန့်ကွက်ကြောင်း စက်တင်ဘာ ၁၅ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။

အဆိုပါရုပ်တုတည်ဆောက်ရန် ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်က ချင်းလူထု၏ သဘောဆန္ဒမပါဘဲ ဆောင်ရွက်နေခြင်းအပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

“တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလိုအပ်ချက်တွေကို အကောင်အထည်မဖော်ပဲ ဗိုလ်ချုပ်ကြေးရုပ်ကို အတင်းအဓမ္မ အကောင်အထည်ဖော်ဆောင်ရင် ချင်းတိုင်းရင်းသားနဲ့ ဗမာတိုင်းရင်းသားကြား မလိုအပ်တဲ့ အမုန်းတရားတွေဖြစ်ပေါ်လာနိုင်တယ်” ဟု ချင်းလူငယ်ကွန်ရက်က ဆိုသည်။

တိုင်းရင်းသားဒေသများ၌ ဌာနေတိုင်းရင်းသားများ၏ ဆန္ဒသဘောထားများကို လစ်လျူရှုပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ တည်ဆောက်နေခြင်းကြောင့် ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းနေမှုတို့ကို ယခင်ထက် ပိုမိုထိခိုက်လာနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

“ဗိုလ်ချုပ်ကြေးရုပ်ကို NLD က ဦးစီးပြီး တည်ဆောက်နေခြင်းဟာ ဒေသခံတိုင်းရင်းသားတွေကြားမှာ လူမျိုးကြီးဝါဒလွှမ်းမိုးဖို့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာလို့ ချင်းလူငယ်တွေကရှုမြင်တယ်” ဟု ချင်းလူငယ်ကွန်ရက်က ဆိုသည်။

ချင်းပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော် ဥက္ကဌတို့က ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်မည်ဆိုခြင်းသည် “၎င်းတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်များကို ဘောင်ကျော်လုပ်ခြင်းလော” မေးခွန်းများအပြင် မည်သည့် ရည်ရွယ်ချက်ဖြင့်ရုပ်တုတည်ဆောက်စေလိုခြင်း စသည် မေးခွန်းထုတ်စရာများဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဗိုလ်ချုပ်ကြေးရုပ်ထုကို တည်ဆောက်နေခြင်းထက် ပင်လုံကတိကဝတ်နှင့် ပင်လုံစာချုပ်တွင်ပါဝင်သည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးကိုသာ ဦးတည်လုပ်ဆောင်ရန် ချင်းလူငယ်များက တိုက်တွန်းထားသည်။

ဗီဒီယိုများ