မောင်တောဒေသသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်သူများကိစ္စတွင် လုံခြုံရေးတာဝန်ရှိသူများ ပါဝင်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မောင်တောဒေသသို့ တရားမဝင် ဝင်ရောက်လျက်ရှိနေသည့် ကိစ္စများတွင် လုံခြုံရေးဘက်မှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်မှုရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

By အောင်ထိန် 20 Jun 2020

အောင်ထိန် | DMG
ဇွန် ၂၀ ၊ မောင်တော

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မောင်တောဒေသသို့ တရားမဝင် ဝင်ရောက်လျက်ရှိနေသည့် ကိစ္စများတွင် လုံခြုံရေးဘက်မှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်မှုရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်သမ္မတရုံး၌ ဇွန်လ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် လူမှောင်ခိုပွဲစားတွေရှိတယ်။ ပြီးတော့ လုံခြုံရေးဘက်က တာဝန်ရှိတဲ့လူတွေနဲ့ ပေါင်းပြီး လူသွင်းတာတွေ၊ မူးယစ်ဆေးဝါးတွေ သွင်းတာရှိတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ထိုသို့ တရားမဝင် ဝင်ရောက်လာသူများကို လဝကဥပ‌ဒေဖြင့် အရေးယူသွားမည့်အပြင် တရားမဝင် ဝင်ရောက် လာသူများကို လက်ခံထားသူများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မောင်တောနယ်စပ်တစ်လျှောက် ခြံစည်းရိုးကာထားသော်လည်း သားငါးရှာစားနေကြသည့်လှေသမားများ ဝင်ထွက်သွားလာနေသည့် ချောင်းမြောင်းများရှိနေသဖြင့် ယင်းနေရာများကို ခြံစည်းရိုးကာ၍ အဆင် မပြေကြောင်း ၎င်းကရှင်းပြသည်။

ကိုဗစ်ကာလအတွင်း တစ်ဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမှုများကို အစိုးရက ပိတ်ပင်ထားသော်လည်း တရားမဝင် ဝင်ရောက်လာသူ ၈၁ ဦးအထိ ရှိနေပြီကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထိုသို့ တရားမဝင် ရောက်ရှိလာသူများထဲမှ မောင်တောမြို့နယ်တွင် ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် ၃ ဦး တို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇွန်လ ၁၈ ရက်နေ့အထိ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉ ဦးအထိရှိလာပြီဖြစ်သည်။

ဗီဒီယိုများ