မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၇ ခု ဆုတ်ခွာသွားဟုဆို

လက်ရှိစစ်ရေးတင်းမာနေသည့်ကာလတွင် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၇ ခု ဆုတ်ခွာသွားကြောင်း ယနေ့(သြဂုတ်လ ၁၁ ရက်)တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။  

11 Aug 2022

ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကိုတွေ့ရစဉ်။ Photo Crd - APM

DMG ၊ ဩဂုတ် ၁၁

လက်ရှိစစ်ရေးတင်းမာနေသည့်ကာလတွင် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၇ ခု ဆုတ်ခွာသွားကြောင်း ယနေ့(သြဂုတ်လ ၁၁ ရက်)တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။  

“ရခိုင်က စစ်ကောင်စီတပ်စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်တာတော့ မဟုတ်ပါ။ စစ်ရေးတင်းမာပြီးရင် တစ်ဖက်နဲ့တစ်ဖက် ဖြတ်တောက်ပိတ်ဆို့ကြတဲ့အချိန်မှာ အခက်အခဲတွေကြောင့် ဆုတ်ခွာသွားကြတဲ့ စခန်းတွေတော့ရှိပါတယ်။ ဆိုတော့ တိုက်ခိုက်သိမ်းပိုက်တဲ့ပုံစံမျိုးတော့ မဟုတ်ပါ။ အထူးသဖြင့် မောင်တောဘက်မှာ စစ်ကောင်စီဘက်က ဆုတ်ခွာသွားတဲ့စခန်းက ၇ ခုလောက်ထိရှိပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင်လည်း မောင်တောမြို့မြောက်ပိုင်းနှင့် ပလက်ဝတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဦးခိုင်သုခကဆက်ပြောသည်။

“အခုလည်း မောင်တောမြောက်ပိုင်းနဲ့ ပလက်ဝဘက်မှာ တိုက်ပွဲ တွေဆက်ပြီး တောက်လျှောက်ဖြစ်လို့ရှိပါတယ်။ ဒီနေ့လည်း ဖြစ်လို့ရှိချင် ရှိနိုင်ပါသေးတယ်။ ဆိုတော့ ဒီဟာကတော့ နောက်ပိုင်းမှကျနော်တို့ Update ပြောလို့ရမယ်။ လောလောဆယ်တော့ ကျနော်တို့ တိုက်ပွဲငယ်တွေ တောက်လျှောက်ဖြစ်နေတာကို ကျနော့်အနေနဲ့ ပြောလိုပါတယ်”ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၁၀ ရက်နေ့ကလည်း ပလက်ဝမြို့အရှေ့ဘက် စိမ်းစင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“သူဌေးကုန်းတောင်(နွားတောင်)နဲ့ တစ်ဆက်တည်းကုန်းမှာ စစ်တပ်က တပ်ကုန်းရှိပါတယ်။ အဲဒီတပ်ကုန်းကနေ စိမ်းစင်းရွာ ဘက်ကို ပစ်နေတာပါ။ လက်နက်ကြီး၊ လက်နက်ငယ်ပါဆိုရင် ကြားရတာ ရာကျော်ခဲ့ပါတယ်“ဟု ဒေသခံတစ်ဦးကဆိုသည်။

ပလက်ဝတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့  ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမှာ နေ့စဉ်ရက်ဆက်ရှိနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ငယ်များဖြင့်ပစ်ခတ်ကာ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း ဦးခိုင်သုခကပြောသည်။

“တိုက်ပွဲဆိုတာထက် ကျနော်တို့ ဒီထိတွေ့မှုတွေက နေ့စဉ်ရက်ဆက်ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ကြတာကတော့ မှန်ပါတယ်။ ဆိုတော့ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်နေတာတို့ရှိပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ရတာတွေရှိပါတယ်။ ဆိုတော့ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိပါတယ်”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ထိတွေ့မှုဖြစ်ပွားနေရခြင်းမှာ စစ်ကောင်စီမှ ရခိုင်ပြည်သူလူထုများကို ဖိနှိပ်နေသည့်အတွက်ကြောင့် ရက္ခိုင့်တပ်တော်(ULA/AA)အနေဖြင့် လက်မခံနိုင်၍ ဖြစ်ပွားလာရခြင်းဟုလည်း ဦးခိုင်သုခကဆိုသည်။

“ရခိုင်ပြည်မှာ အခုလို တင်းမာမှုတွေ၊ ထိတွေ့မှုတွေ၊ ရင်ဆိုင်မှုတွေဖြစ်လာတာကလည်း ရခိုင်ပြည်သူလူထုတွေကို ဖမ်းဆီးတဲ့ကိစ္စတွေ၊ လူသားချင်း စာနာမှုဆိုင်ရာအကူအညီတွေကို ပိတ်ဆို့ထားတဲ့ ကိစ္စတွေ၊ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး လူထုအခြေခံစားသောက်ကုန်ပစ္စည်းတွေကို ကန့်သတ်တဲ့ကိစ္စတွေကြောင့် စစ်ဖြစ်နေတဲ့ဒေသတစ်ခုနဲ့မခြား ကျနော်တို့ပြည်သူတွေကို မြန်မာစစ်တပ်ကနေပြီးရင် ဖိနှိပ်နေတဲ့အတွက်ကြောင့် ကျနော်တို့ ULA/AA အနေနဲ့ ဒီကိစ္စတွေကို လုံးဝလက်မခံနိုင်ပါ။ ဒါကြောင့် တင်းမာမှုတွေမြင့်တက်လာပြီးရင် တစ်ဖက်နဲ့တစ်ဖက် လက်နက်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တဲ့အဆင့်ထိ အခုလိုရောက်လာရတာ ဖြစ်ပါတယ်”ဟု သူကပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို ဆက်ပြီး ဒုက္ခပေးနေမည်ဆိုပါက တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေး လိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နှင့်အညီ လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟုလည်း ဦးခိုင်သုခက သတိပေးခဲ့သည်။

ဗီဒီယိုများ