ရခိုင်ပြည်နယ်တွင် နှစ်လအတွင်း တရားမဝင်သစ်တန်ချိန် နှစ်ထောင်ကျော်သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်တွင် ယခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာ ၂၃ ရက်နေ့အထိ တရားမဝင်သစ်ထုတ်လုပ်မှုများမှ သစ်တန်ချိန်ပေါင်း နှစ်ထောင်ကျော် သိမ်းဆည်းရရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနက သိရသည်။

By ဉာဏ်ဟိန်း 24 Nov 2020

စစ်တွေမြို့နယ်၊ အုန်းတပင်ရပ်ကွက်၊ ဆတ်ရိုးကျချောင်းအတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသည့် စက်လှေတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ - Forest Department/facebook)

ဉာဏ်ဟိန်း | DMG
နိုဝင်ဘာ ၂၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ယခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာ ၂၃ ရက်နေ့အထိ တရားမဝင်သစ်ထုတ်လုပ်မှုများမှ သစ်တန်ချိန်ပေါင်း နှစ်ထောင်ကျော် သိမ်းဆည်းရရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနက သိရသည်။

သစ်ဖမ်းဆီးရမိသည့် မြို့နယ်များမှာ မောင်တော၊ တောင်ကုတ်၊ အမ်းနှင့် စစ်တွေမြို့နယ်တို့မှဖြစ်ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အကြီးတန်စာရေး ဒေါ်စိုးစိုးက DMG သို့ ပြောသည်။

“ဖမ်းဆီးရတာကတော့ အောက်တိုဘာလကနေ ဒီနေ့အထိ တရားမဝင်သစ်ဖမ်းဆီးရတာကတော့ ၂ ထောင်ကျော်ရှိတယ်” ဟု ၎င်းကပြောသည်။

ဖမ်းဆီးရမှုများအရ မောင်တောမြို့နယ်တွင် ၁၁ ဒသမ ၇၂၁၈ တန်၊ စစ်တွေမြို့နယ်တွင် ၄၈၉ ဒသမ ၉၅၃ တန်၊ အမ်းမြို့နယ်တွင် ၆ ဒသမ ၅၅ တန်နှင့် တောင်ကုတ်မြို့နယ်တွင် ၁၆၅၉ ဒသမ ၃၃၂ တန်တို့ဖြစ်ကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ထိုသို့ တရားမဝင် သစ်ထုတ်လုပ်သူများကို သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂(က)တို့ဖြင့် သက်ဆိုင်ရာရဲစခန်း များတွင် အရေးယူဆောင်ရွက်နေကြောင်း ဒေါ်စိုးစိုးက ဆက်လက်ဆိုသည်။

“ကျွန်မတို့ သစ်တောဦးစီးဌာနအနေနဲ့ ဖမ်းဆီးရတဲ့သူတွေကို သစ်အမျိုးအစားအပေါ်မူတည်ပြီးတော့ သစ်တော ဥပဒေပုဒ်မနဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ အရေးယူဆောင်ရွက်နေတယ်။ ကျွန်မတို့က ဖမ်းဆီးရမိတဲ့ သစ်တွေကို ပြည်နယ်တရားသူကြီးရုံးကို ဖမ်းဆီးဆုံးရှုံးမှုမရှိခင် ထုခွဲရောင်းချဖို့အတွက် အကြံပြုတောင်းထားပါတယ်၊ တင်ပြထားပါတယ်” ဟု ၎င်းကရှင်းပြသည်။

ရခိုင်ပြည်နယ်အတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုများအရ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၁၉၀၀ ဒသမ ၇၇၃၆ တန်၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၁၈၄၂ ဒသမ ၇၉၇၁ တန်ရှိခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ယခု ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ၂ လအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှုမှာ သစ်တန်ချိန်ပေါင်း နှစ်ထောင်ကျော်ဖြစ်သဖြင့် ယခင်နှစ်များက တစ်နှစ်ပတ်လုံး တရားမဝင်သစ်ဖမ်းဆီးရရှိမှု များထက် ပိုများနေသည်ကိုတွေ့ရသည်။

ဗီဒီယိုများ