ရခိုင်ဒေသတွင် ကိုဗစ်ကိုအကြောင်းပြ၍ တပ်မတော်မှ စစ်ဆင်ရေးဆောင်ရွက်နေမှုများကို ကန့်ကွက် ရှုတ်ချကြောင်း ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကိုအကြောင်းပြ၍ တပ်မတော်မှ စစ်ဆင်ရေးဆောင်ရွက်နေမှုများကို ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

By အောင်ထိန် 07 Sep 2020

စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းက မီးရှို့ဖျက်စီးခြင်း ခံလိုက်ရသည့် ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်နေရာအား တွေ့ရစဉ်။ (ဓာတ်ပုံ - Aung Myint Thein's facebook)

အောင်ထိန်၊ DMG
စက်တင်ဘာ ၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကိုအကြောင်းပြ၍ တပ်မတော်မှ စစ်ဆင်ရေးဆောင်ရွက်နေမှုများကို ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံး ကိုဗစ်ကြောင့် ဒုက္ခရောက်နေချိန်တွင် တပ်မတော်မှ ကိုဗစ်ကိုအကာအကွယ်ယူပြီး စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများကို တောက်လျှောက်လုပ်ဆောင်နေကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆောင်ရွက်နေသည်ဟု ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ကိုထူးခန့်သော်ကပြောသည်။

“ဘာမှမဆိုင်ဘဲနဲ့ အပြစ်မဲ့ပြည်သူတွေ ကြားထဲမှာ ဒုက္ခရောက်သွားတာတွေရှိတယ်။ ပြီးခဲ့တဲ့လေးရက်နေ့ကဆိုရင် ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတာရှိတယ်။ ဒါတွေက လူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရတာလို့ ကျွန်တော်တို့ မြင်တယ်” ဟု ကိုထူးခန့်သော်က ဆိုသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးကို ခမရ (၇၃၇)တပ်ရင်းမှ တပ်မတော်သားများကနှိပ်စက်ပြီး အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်းခြင်းဖြစ်ကြောင်းလည်း ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ရခိုင်ပြည်သူလူထုများ COVID-19 ကူးစက်ရောဂါကိုခံစားနေရချိန်တွင် တပ်မတော်မှ ရခိုင်ပြည် ကျေးရွာများကိုမီးရှိုဖျက်စီးခြင်း၊ အရပ်သားပြည်သူများကို ပစ်ခတ်ခြင်းများကို ပြင်းထန်စွာရှုတ်ချကြောင်း European Campaign for Arakan အဖွဲ့က ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မှာ တန်ပြန်အကြမ်းဖက်မှုနှိမ်နှင်းရေး စစ်ဆင်ရေးကို ဆောင်ရွက်လျက် ရှိကြောင်း စက်တင်ဘာမှ ၄ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

“ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာ ကျွန်တော်တို့သည် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းတွေအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AAတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)ခန့်ကြာမြင့်လာနေပြီး လက်ရှိ အချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ကာ အရပ်သားထိခိုက်သေဆုံးမှုများလည်း ဆက်လက်တိုးနေဆဲဖြစ်သည်။

ဗီဒီယိုများ