ဘူးသီးတောင်မြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်သုံးလုံးမီးလောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာကျေးရွာနှင့် ဆင်သေပြင်ကျေးရွာတို့တွင် ယနေ့သြဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် နေအိမ် ၃ လုံး မီးလောင်သွားခဲ့ကြောင်း သိရသည်။

By ချလူးအောင် 29 Aug 2019

ချလူးအောင် | DMG
သြဂုတ် ၂၉ ၊ မောင်တော

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာကျေးရွာနှင့် ဆင်သေပြင်ကျေးရွာတို့တွင် ယနေ့သြဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် နေအိမ် ၃ လုံး မီးလောင်သွားခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ ၅၅၁ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အချို့မီးလောင်သွားကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရှိရကြောင်း ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။

“ဒီနေ့ နေလည်ပိုင်းမှာ ၅၅၁ တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဥယျာဉ်သာကျေးရွာက ဦးသာစိန်လှ နေအိမ်နဲ့ ဦးလှမောင်သာနေအိမ် ၂ လုံး။ ချောင်းတစ်ဖက်ဆင်သေပြင်ကျေးရွာက မွတ်ဆလင်နေအိမ်တစ်လုံး မီးလောင်သွားတယ်လို့ အကြောင်းကြားလာတယ်” ဟု ၎င်းကဆိုသည်။

ဆင်သေပြင်ကျေးရွာအနီးတွင် ယနေ့ နေ့လည် ၃ နာရီကျော်အချိန်က အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း ဆင်သေပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

“အခုအပြန်အလှန်ပစ်နေကြပါတယ်။ လက်နက်ကြီးက အဆက်မပြတ်ပစ်ခတ်နေပါတယ်။ စခက ၁၅ နဲ့ တပ်မ ၅၅၁ ကနေ ပစ်နေတာပါ” ဟု ဆင်သေပြင်ကျေးရွာမှ မာမတ်အာလီက ပြောသည်။

ထို့ပြင် သုံးဆယ့်တစ်ဘုံစေတီအနီး တောင်ကုန်းပေါ်မှလည်း လက်နက်ကြီးများဖြင့် (ယနေ့) ပစ်ခတ်မှုများရှိကြောင်း ထိပ်တူးပေါက်ကျေးရွာသားများက ပြောသည်။

သို့သော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဘူးသီးတောင်မြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားမှုမရှိသလို လက်နက်ကြီးပစ်ခတ်မှုများလည်း မရှိကြောင်းဆိုသည်။

“မနေ့က တိုက်ပွဲဖြစ်တာတော့ ဟုတ်ပါတယ်။ ဒီနေ့တော့ ဖြစ်တာမရှိပါဘူး။ လက်နက်ကြီးတွေပစ်တာလည်း မရှိပါဘူး။ မိုးခြိမ့်နေတာပါ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောသည်။

သြဂုတ်လ ၂၈ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့် မွတ်ဆင်လင်အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှာ မရော်တာဘေကင် ၂၀ နှစ်နှင့် မလိုင်လာဘေကွင် ၁၈ နှစ်တို့ဖြစ်ပြီး သြဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းတွင် ကျန်းမာရေးဌာနနှင့် ICRC တို့မှ ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် သြဂုတ်လ ၂၈ ရက်နေ့က ခေါင်းတိုက်ကျေးရွာအနီးတွင် တစ်ကြိမ်၊ ကြာညိုပြင်ကျေးရွာနှင့် ကင်းတောင်ရွာကြားတွင်တစ်ကြိမ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ